Connect with us

Africa & Middle East

အီဂျစ်တွင် စီးပွားရေးပြုပြင်ပြောင်းလဲမှုများလုပ်ဆောင်ရန် စက်သုံးဆီဈေးနှုန်းများကို ၆၆.၆ ရာခိုင်နှုန်းအထိ မြှင့်တင်

အီဂျစ်နိုင်ငံတွင် စက်သုံးဆီဖြည့်နေသော အီဂျစ်နိုင်ငံသားတစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

ကိုင်ရို၊ ဇွန် ၁၇ ရက် (ဆင်ဟွာ)

အီဂျစ်နိုင်ငံ ရေနံ နှင့် သဘာဝဓါတ်ငွေ့ ဝန်ကြီးဌာနက အီဂျစ်နိုင်ငံ သည် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ချေးငွေဆိုင်ရာ စာချုပ်တစ်ခု ၏ လိုအပ်ချက်များနှင့် ကိုက်ညီစေရန် နှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ အား ရှေ့ဆက်ဆောင်ရွက်နိုင်ရန်အတွက် ဇွန် ၁၆ ရက်တွင် စက်သုံးဆီဈေးနှုန်းများကို ၆၆.၆ရာခိုင်နှုန်းအထိ တိုးမြှင့်ခဲ့ကြောင်း ထုတ်ပြန်ချက်တစ်ခုတွင်ပြောကြားခဲ့သည်။

ရေနံ နှင့် သဘာဝဓါတ်ငွေ့ ဝန်ကြီး Tarek al-Molla က စီးပွားရေးဆိုင်ရာအသုံးပြုမှုအတွက် မီးဖိုချောင်သုံး ဓါတ်ငွေ့ ဈေးနှုန်းများကို ဓါတ်ငွေ့အုံးတစ်လုံးလျှင် အီဂျစ်ပေါင် ၆၀ (အမေရိကန်ဒေါ်လာ ၃.၄) မှ ပေါင် ၁၀၀ အထိ တိုးမြှင့်ခဲ့ကြောင်း ပြောကြားခဲ့သည်။အောက်တိန်း ၉၂ တစ်လီတာ လျှင် ၅ပေါင် (မြန်မာငွေ ၃၈၂ကျပ်) မှ ၆.၇၅ ပေါင် (မြန်မာငွေ ၅၁၆ကျပ်) သို့ လည်းကောင်း၊ အောက်တိန်း ၈၀ တစ်လီတာလျှင် ၃.၆၅ပေါင် (မြန်မာငွေ ၂၇၉ကျပ်)မှ ၅.၅ပေါင် (မြန်မာငွေ ၄၂၀ကျပ်)သို့လည်းကောင်း အသီးသီးတိုးမြှင့်ခဲ့ကြောင်းသိရသည်။

ထုတ်ပြန်ချက်၌ ဈေးနှုန်းအသစ်များဖြင့် ဇွန် ၁၆ ရက် နံနက်ပိုင်းတွင် စတင်ရောင်းချခဲ့ကြောင်းပါရှိသည်။ယခုကဲ့သို့ စက်သုံးဆီ ဈေးနှုန်းတိုးမြှင့်ခြင်းသည် ၂၀၁၅ခုနှစ် နှောင်းပိုင်းတွင် ငွေကြေးစိစစ်သုံးစွဲခြင်း ဆောင်ရွက်မှုများ လုပ်ဆောင်ပြီးကတည်းက အစိုးရ၏ သုံးကြိမ်မြောက် ဈေးနှုန်းတိုးမြှင့်ခြင်းဖြစ်ကြောင်း သိရသည်။

ဝန်ကြီးက ယင်းသို့ ဈေးနှုန်းတိုးမြှင့်လိုက်ခြင်းကြောင့် အီဂျစ်နိုင်ငံအနေဖြင့်၂၀၁၈-၂၀၁၉ ပြည်သူ့ဘဏ္ဍာငွေစာရင်း အတွင်းရှိ နိုင်ငံတော်၏ထောက်ပံ့ငွေ ခွဲဝေအသုံးပြုမှုအား ပေါင် ၅၀ဘီလီယံအထိ သက်သာသွားစေမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။လွန်ခဲ့သည့် ၅နှစ်အတွင်း ရေနံထုတ်လုပ်မှုအတွက် စုစုပေါင်း ထောက်ပံ့ငွေကုန်ကျစရိတ်သည် ၅၁၇ဘီလီယံ ပေါင် အထိ ရှိခဲ့ကြောင်း ၎င်းကပြောကြားခဲ့သည်။အီဂျစ်နိုင်ငံသည် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း နိုင်ငံရေးမတည်ငြိမ်မှု နှင့် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကြောင့် စီးပွားရေးကျဆင်းမှုကို ကြုံတွေ့ခဲ့ရသည်။

အီဂျစ်နိုင်ငံသည် ငွေကြေးစိစစ်သုံးစွဲမှု၊ စက်သုံးဆီ နှင့် စွမ်းအင်ဆိုင်ရာ ထောက်ပံ့ငွေများ ဖြတ်တောက်မှု နှင့် အခွန်တိုးမြှင့်မှုတို့အပေါ်အခြေခံပြီး ၂၀၁၆ခုနှစ်နှောင်းပိုင်းတွင် တင်းကြပ်သော ၃နှစ်တာစီးပွားရေးပြောင်းလဲမှု အစီအစဉ်ကို စတင်ဆောင်ရွက်ခြင်းနှင့်အတူ ၎င်း၏ စီးပွားရေးကို မြှင့်တင်ရန် ထုတ်လုပ်ရေး၊ ပို့ကုန်လုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်ပြီး ခရီးသွားလုပ်ငန်းများကိုလည်း ပြန်လည်ဦးမော့အောင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ (Xinhua)