Connect with us

Africa & Middle East

Huawei P9 Lite စမတ်ဖုန်းကြောင့် ကျည်ဆံထိမှန်မည့် ဘေးမှ ကင်းလွတ်ခဲ့

ကျည်ဆံထိမှန်ခဲ့သည့် Huawei P9 Lite စမတ်ဖုန်း နှင့် ဖုန်းပိုင်ရှင် Siraaj Abraham အား တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ကိတ်တောင်း၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)

Huawei P9 Lite စမတ်ဖုန်း တစ်လုံးကြောင့် တောင်အာဖရိကနိုင်ငံသားတစ်ဦးသည် ၎င်းအား ဓါးပြများမှ ပစ်ခတ်လိုက်သော ကျည်ဆံထိမှန်မည့်ဘေးမှ ကင်းလွတ်ကာ အသက်ချမ်းသာရာရခဲ့ကြောင်း သိရသည်။

သြဂုတ်လနှောင်းပိုင်းက အသက်၄၁နှစ်အရွယ် Siraaj Abraham သည ်ကိတ်တောင်မြို့ ရှိ ၎င်း၏ နေအိမ် ခြံဝင်မှ အပြင်သို့ ကားမောင်းထွက်စဉ် မျက်နှာဖုံးစွပ်ဓါးပြများက ချောင်းမြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ဆွဲခေါ်ပြီးနောက် ဓါးပြတစ်ယောက်သည် ၂မီတာအကွာအဝေးမှ နေ၍ Abraham ၏ ရင်ဘတ်ကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်းသိရသည်။

ကျည်ဆံထိမှန်ခဲ့သည့် Huawei P9 Lite စမတ်ဖုန်း နှင့် ဖုန်းပိုင်ရှင် Siraaj Abraham အား တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ကျည်ဆံထိမှန်ခဲ့သည့် Huawei P9 Lite စမတ်ဖုန်း အား တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

သို့သော် ၉မီလီမီတာ ကျည်ဆန်သည် ၎င်း၏ အင်္ကျီရှေ့အိတ်ကပ်ထဲတွင် ထည့်ထားသော Huawei P9 Lite စမတ်ဖုန်းကိုသာ ထိမှန်ခဲ့ပြီး ရပ်တန့်သွားသောကြောင့် အသက်ချမ်းသာရာရခဲ့ခြင်းဖြစ်သည်။
အစီရင်ခံစာများအရ သေနတ်ထိမှန်ချိန်၌ Abraham ၏ နှလုံး ရုတ်တရက် ရပ်တန့်သွားခဲ့ပြီး ၎င်း၏ အသက်၁၆နှစ်အရွယ် သမီးဖြစ်သူက ၎င်းအား ကားအပြင်ဘက်၌လဲနေသည်ကို တွေ့ရှိပြီးနောက် ဆေးရုံသို့ အလျင်အမြန်ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ရဲတပ်ဖွဲ့က အဆိုပါဖြစ်ရပ်အား စုံစမ်းစစ်ဆေးနေပြီး သံသယရှိသူ နှစ်ဦးမှာ လွတ်မြောက်နေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။
Huawei စမတ်ဖုန်း၏ ကိုယ်ထည်အား သတ္တုဖြင့် ပြုလုပ်ထားခြင်းမရှိသော်လည်း ၎င်း၏ ပလတ်စတစ်ကိုယ်ထည်က ၂မီတာအကွာအဝေးမှ ကျည်ဆန်ကို ဟန့်တားနိုင်ခဲ့ကြောင်းသိရသည်။
ဓါတ်ပုံများတွင် ဖော်ပြထားချက်အရ ကျည်ဆန်သည် စမတ်ဖုန်းကို ဖောက်ထွက်မသွားခင် ဖုန်း၏အနောက်ဘက် မျက်နှာပြင်ကိုထိမှန်ပြီး ရပ်တန့်သွားခြင်းဖြစ်သည်။
ကျည်ဆန်ကြောင့် စမတ်ဖုန်းအား အသုံးမပြုနိုင်တော့သော်လည်း Huawei ကုမ္ပဏီက Abrahamအား ၎င်း၏ ပျက်စီးသွားသည့် စမတ်ဖုန်း အစား နောက်ထပ် Huawei P9 Lite အသစ်တစ်လုံး လက်ဆောင်ပေးခဲ့ကြောင်း သိရသည်။
ကမ္ဘာ့တတိယ အကြီးဆုံး ဖုန်းထုတ်လုပ်ရေး ဖြစ်သည့် Huawei ကုမ္ပဏီ က ၎င်းတို့ စပွန်ဆာပေးထားသည့် Ajax Cape Town ဘောလုံးအသင်း၏ အိမ်ကွင်းပွဲစဉ် အားလုံးကို VIP အနေဖြင့် တက်ရောက်ရန် Abrahamအား ဖိတ်ကြားခဲ့ကြောင်း သိရသည်။
ယခုဖြစ်စဉ်သည် Huawei စမတ်ဖုန်းကြောင့် အသက်ချမ်းသာရာရခဲ့သည့် ပထမဆုံးဖြစ်စဉ်မဟုတ်ကြောင်း သိရသည်။
ကင်ညာနိုင်ငံတွင် အထွေထွေရွေးကောက်ပွဲ ကျင်းပနေစဉ်အတွင်းကလည်း Millward Brown အမည်ရှိ အမျိုးသားတစ်ဦး သည် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသော်လည်း ၎င်း၏ နောက်ဘက်ကျောပိုးအိတ်တွင် ထည့်ထားသည့် Huawei Mediapad ခံနေ၍ အသက်ဘေးမှ ကင်းလွတ်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.