Connect with us

Asia

ပူးပေါင်းဆောင်ရွက်မှု ချဲ့ထွင်ရန်နှင့် ကုန်သွယ်မှုမြှင့်တင်ရန် တရုတ်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံ သဘောတူ

တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင် (ယာ) နှင့် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိတို့ တွေ့ဆုံစဉ် (ဆင်ဟွာ)

ဆိုးလ်၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့သည် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ရန်နှင့် တရုတ်-ဂျပန်-တောင်ကိုရီးယား လွတ်လပ်သော ကုန်သွယ်မှုဧရိယာ တည်ဆောက်ရေး အရှိန်မြှင့်တင်ရန် ဒီဇင်ဘာ ၅ ရက်က ကတိပြုခဲ့ကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင် (Moon Jae-in) နှင့် တောင်ကိုရီးယားနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော တရုတ်နိုင်ငံ နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိတို့ တွေ့ဆုံစဉ် အထက်ပါအတိုင်း ကတိပြုခဲ့ခြင်း ဖြစ်သည်။

တွေ့ဆုံစဉ် မွန်က တောင်ကိုရီးယားနှင့် တရုတ်အကြား ရင်းနှီးသော ဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများက အရှေ့မြောက်အာရှဒေသရှိ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ထိန်းသိမ်းရန်နှင့် ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရန် အရေးပါသော တွန်းအားတစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တောင်ကိုရီးယားနိုင်ငံအနေဖြင့် ကိုယ်ပိုင် ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာများနှင့် ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက်အကြား တွေ့ဆုံမှုကို တက်ကြွစွာ ရှာဖွေရန်၊ တတိယအဖွဲ့အစည်း ပူးပေါင်းဆောင်ရွက်မှု ချဲ့ထွင်ရန်နှင့် နှစ်နိုင်ငံကြား ပြည်သူအချင်းချင်း ဖလှယ်မှုများ ပိုမိုမြှင့်တင်ရန် ဆန္ဒရှိကြောင်း မွန်က ဆိုသည်။

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီနှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိကလည်း တရုတ်-တောင်ကိုရီးယား ဆက်ဆံရေးသည် နှစ်နိုင်ငံ ခေါင်းဆောင်များ လမ်းညွှန်မှုအောက်တွင် ကောင်းမွန်သော အရှိန်အဟုန် ထိန်းသိမ်းထားလျက်ရှိကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် တောင်ကိုရီးယားနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာများနှင့်အတူ ရပ်ဝန်းနှင့်ပိုးလမ်းမတို့ ချိတ်ဆက်ရာတွင် ခိုင်မာမှုရှိစေရန် ဆန္ဒရှိကြောင်း ပြောခဲ့သည်။ 

တရုတ်နိုင်ငံက နှစ်နိုင်ငံ ဆက်ဆံရေးကို သင့်တင်လျောက်ပတ်စွာ ကိုင်တွယ်ခြင်းနှင့် မြှင့်တင်ခြင်း၊ တရုတ်-တောင်ကိုရီးယား လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက် ဒုတိယအဆင့် ဆွေးနွေးမှုများ အရှိန်မြှင့်တင်ခြင်း၊ ဒေသတွင်း ဘက်စုံစီးပွားရေးမိတ်ဖက်ဆက်ဆံမှု (RCEP) ကို ၂၀၂၀ ခုနှစ်တွင် လက်မှတ်ရေးထိုးရေး သေချာအောင်ပြုလုပ်ခြင်းနှင့် တရုတ်-ဂျပန်-တောင်ကိုရီးယား လွတ်လပ်သော ကုန်သွယ်မှုဧရိယာ တည်ဆောက်ရေး အရှိန်မြှင့်တင်ခြင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဝမ်က ဆိုသည်။

တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်နှင့် တွေ့ဆုံစဉ် ဝမ်က တရုတ်နိုင်ငံ၏ စည်းမျဉ်းများနှင့် တောင်ကိုရီးယား ကျွန်းဆွယ်အရေး ရပ်တည်ချက်များကို မိတ်ဆက်ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)