Connect with us

Asia

ဆော်ဒီကျောင်းသား ၁၂,ဝဝဝ ကို ကနေဒါနိုင်ငံမှ အခြားနိုင်ငံများသို့ရွှေ့ပြောင်းရန်စီစဉ်

ရီယာ့ဒ် ၊ သြဂုတ် ၇ ရက်(ဆင်ဟွာ)

ဆော်ဒီအာရေးဗီးယားနိုင်ငံနှင့်ပတ်သက်၍ မကြာသေးခင်က ထုတ်ပြန်ခဲ့သော ကနေဒါအစိုးရ၏ ကြေညာချက်ကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် ဆော်ဒီအာရေးဗီးယားနိုင်ငံက ကနေဒါနိုင်ငံ၌ သွားရောက်ပညာသင်ကြားနေသော ဆော်ဒီကျောင်းသား ၁၂,ဝဝဝ ဦး ကို အမေရိကန်အပါအဝင် အခြားနိုင်ငံများသို့ပြောင်းရွှေ့ပညာသင်ကြားရန် စီစဉ်နေကြောင်း ဆော်ဒီအဆင့်မြင့်အစိုးရအရာရှိတစ်ဦးက သြဂုတ် ၆ ရက်တွင် ပြောကြားခဲ့သည်။

ဆော်ဒီပညာရေးဝန်ကြီးဌာနမှ Jassir Sulaiman က Al Ekhbariya ရုပ်မြင်သံကြားသတင်းဌာနသို့ ပြောကြားရာတွင် “ အထွေထွေ စဉ်းစားသုံးသပ်ချက်တွေ နဲ့ကျောင်းသားတွေရဲ့ အကျိုးစီးပွားအတွက်” နိုင်ငံပြောင်းရွှေ့ပညာသင်ကြားရေးအစီအစဉ်ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုသည်။အရပ်ဖက်တက်ကြွလှုပ်ရှားသူများအား ဖမ်းဆီးထိန်းသိမ်းထားခြင်းမှ အမြန်ဆုံးပြန်လွှတ်ပေးရန် ကနေဒါနိုင်ငံခြားရေးဝန်ကြီးရုံး နှင့် ရီယာ့ဒ်မြို့ရှိ ဆော်ဒီအာရေးဗီးယားနိုင်ငံဆိုင်ရာ ကနေဒါသံရုံး၏ တောင်းဆိုချက် ကြေညာချက်ကြောင့် ဆော်ဒီအာရေးဗီးယားနိုင်ငံသည် ကနေဒါနိုင်ငံနှင့်ဆက်ဆံရေးကို သြဂုတ် ၆ ရက်တွင် ရပ်ဆိုင်းခဲ့သည်။

ဆော်ဒီဘုရင့်နိုင်ငံက ကနေဒါသံတမန်ကို ၂၄ နာရီအတွင်း နိုင်ငံအတွင်းမှ ထွက်သွားရန် နှင်ထုတ်ခဲ့ပြီး ၊ နှစ်နိုင်ငံအကြားရင်းနှီးမြှုပ်နှံမှုများကို ရပ်ဆိုင်းထားကြောင်း နှင့် ကနေဒါနိုင်ငံသို့ရောက်ရှိနေသည့် ဆော်ဒီသံအမတ်ကိုလည်း ဆွေးနွေးညှိနှိုင်းရန် ပြန်လည်ခေါ်ယူခဲ့ကြောင်း သိရသည်။တစ်ချိန်တည်းမှာပင် ဆော်ဒီပြည်တွင်း Sabq အွန်လိုင်းသတင်းဌာနက ကနေဒါနိုင်ငံ၌ သွားရောက်ဆေးကုသရန် ပို့ဆောင်မည့် ဆော်ဒီလူနာများကိုလည်း ခရီးစဉ် ရပ်စဲလိုက်ကြောင်း ဖော်ပြထားသည်။ဆော်ဒီအာရေးဗီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ဆော်ဒီဘုရင့်နိုင်ငံအနေဖြင့် မည်သည့် ပြည်တွင်းရေးဝင်ရောက်စွက်ဖက်မှု နှင့် အပြုအမူမျိုးကိုမဆို လက်ခံမည်မဟုတ်ကြောင်း သြဂုတ် ၆ ရက်တွင် ပြောကြားခဲ့သည်။(Xinhua)