Connect with us

Asia

ဗီယက်နမ်နိုင်ငံ မြို့တော်ရှိ အထင်ကရနေရာ ၃၀ ခုတွင် ဆေးလိပ်သောက်သူများအား ဒဏ်ငွေရိုက်မည်

ဗီယက်နမ် အမျိုးသားသမိုင်းပြတိုက်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဟနွိုင်း၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ မြို့တော် ဟနွိုင်းရှိ အထင်ကရနေရာ ၃၀ ခုတွင် ဆေးလိပ်သောက်သူများအား ယခုလကစ၍ တွေ့သည့်နေရာ၌ ဗီယက်နမ်ငွေ ဒေါင် ၃၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁၃ ဒေါ်လာ) ဒဏ်ငွေရိုက်ခံရမည်ဖြစ်ကြောင်း ဟနွိုင်းမြို့အာဏာပိုင်များက ပြောခဲ့သည်။

အဆိုပါ အထင်ကရနေရာများတွင် Ngoc Son ဘုရားကျောင်းနှင့် Ba Kieu ဘုရားကျောင်းတို့အပြင် Sword Lake ၊ ဗီယက်နမ် အမျိုးသားသမိုင်းပြတိုက်၊ Hanoi Opera House နှင့် စိန့်ဂျိုးဇက် ကာသီဒြယ်ဘုရားကျောင်းတို့၏ အတွင်းနှင့် အနီးပတ်ဝန်းကျင်တို့၌လည်း ပါဝင်ကြောင်း သိရသည်။ ယင်းနေရာများတွင် အများပြည်သူများ ဆေးလိပ်မသောက်ကြရန် သို့မဟုတ် ချက်ချင်း ဒဏ်ငွေရိုက်ခြင်းခံရမည်ဟူသော သတိပေးဆိုင်းဘုတ်များ စိုက်ထူသွားမည် ဖြစ်ကြောင်း သိရသည်။

ထိုလုပ်ဆောင်ချက်သည် မြို့တော်ဟနွိုင်းတွင် ကမ္ဘာလှည့်ခရီးသွားများအား ပစ်မှတ်ထားကာ ဆေးလိပ်သောက်ခြင်း ဆန့်ကျင်ရေးလှုံ့ဆော်မှု၏ အစိတ်အပိုင်းတစ်ခု ဖြစ်ကြောင်း Hoan Kiem ခရိုင် ကျန်းမာရေးစင်တာ အကြီးအကဲ ဖမ်သီသန်နန် (Pham Thi Thanh Nhan) ၏ ပြောကြားချက်အား ကိုးကား၍ VnExpress အွန်လိုင်းသတင်းစာ၌ ဖော်ပြထားသည်။

ဟနွိုင်းမြို့၏ ကမ္ဘာလှည့်ခရီးသွားများ၊ ဝန်ဆောင်မှုလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများအတွက် အဓိကဗဟိုဖြစ်သော Hoan Kiem ခရိုင်ရှိ ကနဦး အထင်ကရနေရာ ၃၀ ခုအပါအဝင် စုစုပေါင်းနေရာ ၁၉၀ ခုတွင် ဆေးလိပ်သောက်ခြင်းအား ဖြည်းဖြည်းချင်း တားမြစ်သွားမည်ဟု နန်က ဆိုသည်။

လက်ရှိတွင် ဗီယက်နမ်နိုင်ငံ၌ ဆေးလိပ်သောက်သူ ၁၇ သန်းခန့်ရှိပြီး ဆေးလိပ်နှင့် ဆက်စပ်သော ရောဂါများကြောင့် သေဆုံးသူ ၄၀,၀၀၀ ခန့်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.