Connect with us

Asia

အကျင့်ပျက် ခြစားမှုဖြင့် ပါကစ္စတန် စစ်တပ်အရာရှိ ၁၁ ဦးအား ရာထူးမှ ဖယ်ရှား

ပါကစ္စတန် စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး Raheel Sharif မိန့်ခွန်း ပြောကြားနေစဉ် (ဆင်ဟွာ)

အစ္စလမ်မာဘတ် ၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ တပ်မတော် အကြီးအကဲ ဗိုလ်ချုပ်ကြီး Raheel Sharif သည် နိုင်ငံအတွင်းရှိ စစ်တပ်အရာရှိ ၁၁ ဦးအား အကျင့်ပျက် ခြစားမှုဖြင့် ဧပြီလ ၂၁ ရက်တွင် ရာထူးမှ ဖယ်ရှားလိုက်သည်။

အဆိုပါ ရာထူးမှ ဖယ်ရှား ခံရသူများထဲတွင် ဒုတိယဗိုလ်ချုပ်ကြီး တစ်ဦး ၊ ဗိုလ်ချုပ် တစ်ဦး ၊ ဗိုလ်မှူးချုပ် လေးဦး ၊ ဗိုလ်မှူးကြီး တစ်ဦး ၊ ဒုတိယ ဗိုလ်မှူးကြီး သုံးဦး နှင့် ဗိုလ်မှူး တစ်ဦး ပါဝင်ကြောင်း စစ်တပ် သတင်း အရင်းအမြစ်များက သတင်းဌာနသို့ပြောကြားခဲ့သည်။
၎င်း စစ်တပ် အရာရှိကြီးများသည် ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်းရှိ နယ်စပ် အခြေစိုက် Balochistan ပြည်နယ်အတွင်း တပ်စခန်းများတွင် တာဝန် ထမ်းဆောင်နေကြသူများ ဖြစ်သည်။ အာဖဂန်နစ္စတန်နိုင်ငံ နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် အဆိုပါ နယ်စပ် လုံခြုံရေးတပ်ကို ပါကစ္စတန် တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီး Obaid Ullah က တပ်မှူးအဖြစ် တာဝန်ယူ ကွပ်ကဲလျက်ရှိသည်။

ပါကစ္စတန်နိုင်ငံ စစ်တပ်အရာရှိ ၁၁ ဦး ရာထူးမှ ဖယ်ရှားခံရသည့် သတင်းသည် ပြည်သူများကြားတွင် ပြန့်နှံ့လျက်ရှိနေကြောင်း စစ်ဖက် အကဲခတ်များက ဆိုသည်။ “ နယ်စပ် လုံခြုံရေးတပ်မှ တာဝန် ထမ်းဆောင်ခဲ့စဉ်က ဝင်ငွေ ဘယ်လောက် ရခဲ့ကြလည်း ဆိုတာ သူတို့ဟာသူတို့ပြန်စဉ်းစားရမှာပေါ့ ” ဟု စစ်တပ် သတင်း အရင်းအမြစ်များက ပြောသည်။ ထို့ပြင် ၎င်းတပ်မတော် အရာရှိအားလုံး ရာထူးမှ အနားပေးခံရခြင်းမှာ အမှားအယွင်း ပြုလုပ်ခဲ့သည့်အတွက် ဖြစ်ကြောင်း ၊ ပင်စင်လစာ နှင့် အခြား အထောက်အပံ့ အသုံးအဆောင် ပစ္စည်းများမှ လွဲ၍ ကျန်ရှိနေသည့် ပိုင်ဆိုင်မှု အားလုံးကို သိမ်းယူရမည် ဖြစ်ကြောင်း သတင်းအရင်းမြစ်များက ပြောသည်။ သို့သော် ၎င်းစစ်တပ် အရာရှိကြီးများ အဂတိ လိုက်စားမှုမည်၍ မည်မျှ လုပ်ထားသည်ဆိုသည့် အသေးစိတ် အချက်အလက်များကိုမူ သတင်း အရင်းအမြစ်များက ထုတ်ဖော် ပြောဆိုခြင်း မရှိပါ။

ရာထူးမှ ဖယ်ရှား ခံရသူများစာရင်းတွင် ဗိုလ်ချုပ် Ejaz Shahid ၊ ဗိုလ်မှူးချုပ် Rasheed ၊ ဗိုလ်မှူးချုပ် Asad shazada ၊ ဗိုလ်မှူးချုပ် Saifullah ၊ ဗိုလ်မှူးချုပ် Aamir ၊ ဗိုလ်မှူးကြီး Haider နှင့် ဗိုလ်မှူး Najeeb တို့ပါဝင်ကြောင်း သိရသည်။ ( Xinhua )