Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ အရှေ ့ပိုင်း၌ ပြင်းအား ၆.၈ အဆင့်ရှိ ငလျင်လှုပ်ခတ် ၊ ဆူနာမီသတိပေးချက် ထုတ်ပြန်ထားခြင်းမရှိ

အင်ဒိုနီးရှားနိုင်ငံ၌ စက်တင်ဘာ ၂၆ရက်တွင် ငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့သော Maluku ပြည်နယ်အားတွေ ့ရစဉ်(ဆင်ဟွာ)

ဂျကာတာ ၊ စက်တင်ဘာ ၂၆ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အရှေ ့ပိုင်း မာလုကုပြည်နယ်(Maluku) ၌ ယနေ ့စက်တင်ဘာ ၂၆ ရက် နံနက်အစောပိုင်းတွင် ပြင်းအား ၆.၈ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း ၊ သို ့သော် ဆူနာမီအန္တရာယ်မရှိကြောင်း အင်ဒိုနီးရှားမိုလေဝသ နှင့် ဘူမိရူပအေဂျင်စီက ဆိုသည်။

ငလျင်လှုပ်ခတ်မှုကြောင့် အခြေခံအဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုအနည်းငယ် ဖြစ်ပေါ်ခဲ့ရကြောင်း သဘာဝဘေးဒဏ်အေဂျင်စီမှ တာဝန်ရှိသူများက ဆိုသည်။

အဆိုပါငလျင်သည် စက်တင်ဘာ ၂၆ ရက် ဂျကာတာ စံတော်ချိန် နံနက် ၆ နာရီ ၄၆ မိနစ်တွင် လှုပ်ခတ်ခဲ့ကြောင်း ၊ မာလုကုပြည်နယ်မြို ့တော် Ambon မြို ့၏ အရှေ ့မြောက်ဘက် ၄ဝ ကီလိုမီတာအကွာ၊မြေအောက်အနက် ၁ဝကီလိုမီတာ၌ ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အေဂျင်စီက ဆိုသည်။

“ ဒီငလျင်ကြောင့် ဆူနာမီဖြစ်မယ့် အလားအလာမရှိပါဘူး။ဒါကြောင့် ဆူနာမီသတိပေးချက် မထုတ်ပြန်တာပါ” ဟု အေဂျင်စီမှ အရာရှိတစ်ဦးဖြစ်သူ Alfart Abubakar က ဆင်ဟွာသတင်းဌာနသို ့ပြောကြားခဲ့သည်။

အဆိုပါ ငလျင်ကြီးလှုပ်ခတ်ပြီးနောက် ဒေသစံတော်ချိန် နံနက် ၇ နာရီ ၃၉ မိနစ်တွင် ပြင်းအား ၅.၆ အဆင့်ရှိ နောက်ဆက်တွဲ ငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ကြောင်း သိရသည်။

ငလျင်ကြောင့် Patimura တက္ကသိုလ်၏ အဆောက်အအုံတစ်လုံး အနည်းငယ် ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့ကြောင်း နှင့် မြို ့အတွင်း တံတားတစ်စင်း အက်ကွဲကြောင်းတစ်ခုဖြစ်ပေါ်ခဲ့ကြောင်း အင်ဒိုနီးရှားအမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန် ့ခွဲမှုအေဂျင်စီမှ ပြောရေးဆိုခွင့်ရှိသူ Agus Wibowo က ဆင်ဟွာသို ့ပြောသည်။

အင်ဒိုနီးရှားနိုင်ငံသည် ပစိဖိတ်ငလျင်ကြောပေါ်တွင် ကျရောက်နေသည့် နိုင်ငံတစ်နိုင်ငံဖြစ်ရာ မကြာခဏငလျင်လှုပ်ခတ်လေ့ရှိကြောင်း သိရသည်။(Xinhua)