Connect with us

Asia

အိန္ဒိယနိုင်ငံ တောင်ပိုင်းတွင် ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် လူ သုံးဦးသေဆုံး၊ တစ်ရာကျော် ဆေးရုံရောက်

အိန္ဒိယနိုင်ငံရှိ LG Polymers စက်ရုံအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ မေ ၇ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ တောင်ပိုင်း အန်ဒရာပရာဒတ်ရှ်ပြည်နယ်၊ ဗီရှာခါပတ်နမ်ခရိုင်ရှိ ဓာတုစက်ရုံတစ်ခုတွင် မေ ၇ ရက်တွင် ဓာတ်ငွေ့ယိုစိမ့်မှုဖြစ်ပွားခဲ့ပြီးနောက် လူ သုံးဦးထက်မနည်းသေဆုံးကာ လူတစ်ရာကျော် ဒေသတွင်း ဆေးရုံတစ်ခုသို့ ရောက်ရှိသွားခဲ့ကြောင်း အဆင့်မြင့် ရဲအရာရှိတစ်ဦးက ဆင်ဟွာသတင်းဌာနသို့ တယ်လီဖုန်းမှတစ်ဆင့် ပြောကြားခဲ့သည်။ 

“အခုလက်ရှိ လူသုံးဦး သေဆုံးခဲ့ပြီး ၁၂၀ က ဒေသတွင်း အစိုးရဆေးရုံမှာ တက်ရောက်ကုသမှုခံယူနေပါတယ်။ သူတို့ထဲက တချို့ကတော့ စိုးရိမ်ရတယ်။ အခြေအနေကိုတော့ ထိန်းချုပ်ထားနိုင်ပြီး ဓာတုစက်ရုံအနီးတဝိုက်ကို လုံခြုံရေးစည်းတားထားပြီး ဖြတ်သန်းသွားလာခွင့်ပိတ်ထားလိုက်ပါတယ်” ဟု ဗီရှာခါပတ်နမ်ခရိုင် ရဲမင်းကြီး အာရ်.ကေ. မီးနာ (R.K. Meena) က ဆင်ဟွာကို ပြောခဲ့သည်။

 “သေဆုံးသူသုံးဦးက အသက်ရှူကြပ်တာကြောင့် သေဆုံးသွားရတာပါ” ဟု ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

ဓာတ်ငွေ့ယိုစိမ့်မှုသည် “LG Polymers” ဓာတုစက်ရုံတွင် ယနေ့ မေ ၇ ရက် နံနက်အစောပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒေသခံများအား အထိတ်တလန့်ဖြစ်စေခဲ့ကြောင်း သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။  (Xinhua)