Connect with us

Asia

အိန္ဒိယနိုင်ငံ အနောက်ပိုင်းတွင် ကျောင်းကြိုပို့ ဘတ်စ်ကား တိမ်းမှောက်မှုကြောင့် ကလေးငယ် ၁၅ ဦးကျော် ဒဏ်ရာရ

အိန္ဒိယ၏ လမ်းတစ်နေရာတွင် တိမ်းမှောက်နေသည့် ကျောင်းကြိုပို့ ဘတ်စ်ကား တစ်စီးအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အနောက်ပိုင်း ရာဂျက်စတန်ပြည်နယ်တွင် လမ်း မတော်တဆမှု ဖြစ်ပွားခဲ့ရာ ကလေးငယ် ၁၅ ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

“ကျောင်းသား ၃၀ ဦးကို တင်ဆောင်လာတဲ့ ဘတ်စ်ကားက အမှတ် ၂၇ အဝေးပြေးလမ်းမကြီးပေါ်က Jhalawar လမ်းအနီးမှာ မှောက်သွားခဲ့တာ” ဟု အဆင့်မြင့် ရဲအရာရှိ တစ်ဦးက ပြောသည်။

အဆိုပါ မတော်တဆမှု၌ သေဆုံးသူ မရှိခဲ့ကြောင်း ဒဏ်ရာရရှိသူ ကျောင်းသားများအားလုံးကို ဒေသခံများက နီးစပ်ရာ ဆေးရုံသို့ အလျင်အမြန် ပို့ဆောင်ပေးခဲ့ကြောင်း၊ ဒဏ်ရာရသူအချို့မှာ စိုးရိမ်ရကြောင်း ၎င်းက ဆိုသည်။

“ဒဏ်ရာရတဲ့ ကလေးတွေရဲ့ မိဘတွေကို ကျွန်တော်တို့ အကြောင်းကြားပြီးပါပြီ” ဟု အဆိုပါ အရာရှိက ဖြည့်စွက် ပြောသည်။

မျက်မြင်သက်သေများက ရဲများထံ ပြောကြားချက်အရ လမ်းအချိုးအကွေ့၌ အရှိန်လွန်နေသည့် ဘတ်စ်ကားအား ယာဉ်မောင်းသူက မထိန်းနိုင်သဖြင့် တိမ်းမှောက်ရခြင်း ဖြစ်ကြောင်း သိရသည်။

“မတော်တဆမှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကို စုံစမ်းဖို့ ညွှန်ကြားထားပါတယ်” ဟု အထက်ပါ ရဲအရာရှိက ပြောသည်။

ရာဂျက်စတန်ပြည်နယ်ရှိ Sikar ခရိုင်တွင်လည်း လွန်ခဲ့သော ရက်များက အခြား ကျောင်းကြိုပို့ ဘတ်စ်ကား တစ်စီး မတော်တဆမှု ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်တွင် လမ်းမတော်တဆမှု ဖြစ်ပွားမှု အများဆုံး ဖြစ်သည်။ လမ်းများနှင့် မော်တော်ယာဉ်များ ပြုပြင်ထိန်းသိမ်းမှု အားနည်းခြင်းများကြောင့် ယခုလို လမ်းမတော်တဆမှုများ ဖြစ်ပွားရသည်ဟု ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.