Connect with us

Asia

အိန္ဒိယနိုင်ငံ အရှေ့ပိုင်းတွင် ဂုံးကျော်တံတား ပြိုကျမှုကြောင့် သေဆုံးသူ ၂၀ ဦး နှင့် ဒဏ်ရာရရှိသူ၊ ၁၅၀ ဦး ရှိလာ

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ကာလကတ္တားမြို့ ၌ ပြိုကျခဲ့သည့် ဂုံးကျော်တံတားအားတွေ့ရစဉ်(ဆင်ဟွာ)

နယူးဒေလီ၊ မတ် ၃၁ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ကာလကတ္တားမြို့တွင် မတ်လ ၃၁ ရက်က ဆောက်လက်စ ဂုံးကျော် တံတားတစ်စင်း ပြိုကျမှုကြောင့် သေဆုံးသူ ၂၀ ဦး နှင့် ဒဏ်ရာရရှိသူ ၁၅၀ကျော် ထိရှိလာကြောင်း သိရသည်။

ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြိုကျခဲ့သည့် ဂုံးကျော်တံတားကို ကာလကတ္တားမြို့လယ်ရှိ လူစည်းကားရာအရပ်တွင် လွန်ခဲ့သည့် ခြောက်နှစ်ကတည်းက တည်ဆောက်နေခြင်းဖြစ်ပြီး ဒေသစံတော်ချိန် နေ့လည် ၁၂း၃၀နာရီ တွင်ပြိုကျခုဲ့ကြာင်း၊ အပျက်အစီးများ အောက်မှ ရုပ်အလောင်း ၂၀ ကို ဆွဲထုတ်နိုင်ခဲ့ပြီး ဒဏ်ရာရှိသူ အများအပြားကို ကယ်ဆယ်ရေး ဝန်ထမ်းများက ကယ်ဆယ်ကာ နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင် ထားကြောင်း၊ အချို့မှာ ဒဏ်ရာပြင်းထန်ပြီး သေဆုံးသူဦးရေ တိုးလာနိုင်ကြောင်း ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ကာလကတ္တားမြို့ ၌ ပြိုကျခဲ့သည့် ဂုံးကျော်တံတားအားတွေ့ရစဉ် (ဆင်ဟွာ)

သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲရေး တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ နှင့် ဒေသခံပြည်သူများပူးပေါင်း၍ အပျက်အစီးများအောက်တွင် အသက်ရှင်ကျန်ရစ်သူများကို အနံ့ခံခွေးများအသုံးပြု၍ ရှာဖွေလျက်ရှိကြောင်းသိရသည်။

အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသည့် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ က ကာလကတ္တားမြို့တွင် ဂုံးကျော်တံတားပြိုကျမှုအား ကြားသိရတဲ့အတွက် ထိတ်လန့်ဝမ်းနည်းရပါကြောင်း၊ ဂုံးတံတားပြိုကျမှုကြောင့် သေဆုံးသွားသူများ၏ မိသားစုဝင်များ နှင့် ထပ်တူ ဝမ်းနည်းရပါကြောင်း နှင့် ဒဏ်ရာရရှိသူများလည်း အမြန်ဆုံး ပြန်လည်ကောင်းမွန်လာစေရန် ဆုတောင်းပေးပါကြောင်း ၎င်း၏ တွစ်တာစာမျက်နှာ တွင် ဖော်ပြခဲ့သည်။

အိန္ဒိယနိုင်ငံ၌ စံချိန်စံညွှန်းမပြည့်မီသည့် ဆောက်လုပ်ရေးပစ္စည်းများ အသုံးပြု ခြင်းနှင့် လုံခြုံရေးစံညွှန်းများကို လိုက်နာမှုမရှိခြင်းတို့ကြောင့် ဂုံးကျော်တံတားပြိုကျမှုများ ဖြစ်လေ့ရှိကြောင်းသိရသည်။ (Xinhua)