Connect with us

Asia

တရုတ်နိုင်ငံ၏ COVID-19 ပြန့်ပွားမှု ထိန်းချုပ်ရေး အားထုတ်နေမှုများအား ကမ္ဘောဒီးယား ဝန်ကြီးချုပ် ချီးကျူး 

ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒတ် တက်ခ်ဟို ဟွန်ဆန်ကို တွေ့ရစဉ်(ဆင်ဟွာ)

ဖနွမ်းပင် ၊ ဖေဖော်ဝါရီ ၁၈ ရက်(ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒတ် တက်ခ်ဟို ဟွန်ဆန်(Samdech Techo Hun Sen)က နိုဗယ်လ် ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင် ရောဂါ(COVID-19) ဖြစ်ပွားမှုကို ထိန်းချုပ်ရန် ကြိုးပမ်းအားထုတ်မှုများ အတွက် တရုတ်နိုင်ငံအား ချီးကျူးခဲ့ပြီး မကြာမီ ကာလ အတွင်း ဗိုင်းရပ်စ်ရောဂါပိုး တိုက်ဖျက်ရေးတွင် အနိုင်ရရှိလိမ့်မည်ဟု ယုံကြည် ကြောင်း ပြောကြားခဲ့သည်။ 

“တရုတ်နိုင်ငံရဲ့ COVID-19 ပြန့်ပွားမှုကို ထိန်းချုပ်ဖို့ အားထုတ်မှု အပေါ် ကျွန်တော်တို့ ချီးကျူးလိုပါတယ်။ဝူဟန်မြို့မှာ ရှိတဲ့ ကမ္ဘောဒီးယား နိုင်ငံသား ၂၃ ဦး အပါအဝင် ကျောင်းသားတွေကို ဂရုစိုက်ပေးတဲ့ အတွက် တရုတ်နိုင်ငံကိုလည်း ကျေးဇူး တင်ပါတယ်။”ဟု ၎င်းက ကမ္ဘောဒီးယား နိုင်ငံ အမျိုးသား ပညာရေး တက္ကသိုလ်၌ ပြုလုပ်သော ကျောင်းသား ၂,၀၀၀ နီးပါး၏ ဘွဲ့နှင်းသဘင် အခမ်းအနားသို့ တက်ရောက် မိန့်ခွန်း ပြောကြားစဉ် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

ထို့အတူ ကမ္ဘောဒီးယား နိုင်ငံ ဝန်ကြီးချုပ်က တရုတ်နိုင်ငံ၌ ပြည်သူများ အသက်ဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ခြင်း အပေါ် အစိုးရ နှင့် ပြည်သူများ နှင့် ထပ်တူ လွန်စွာ ဝမ်းနည်းရပါကြောင်း နှင့် လူနာများ အမြန်ဆုံး ပြန်လည် ကောင်းမွန်လာစေရန် ဆန္ဒပြုပါကြောင်းလည်း ပြောကြားခဲ့သည်။ သိပ္ပံ နှင့် နည်းပညာ ဝန်ကြီးဌာန လက်အောက်ရှိ တရုတ် အမျိုးသား ဇီဝ နည်းပညာ ဖွံ့ဖြိုးတိုးတက်မှု ဌာန၏ ဒုတိယ ခေါင်းဆောင် Sun Yanrong က ဖေဖော်ဝါရီ ၁၇ ရက်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် လက်တွေ့စမ်းသပ်မှု ရလဒ် အပေါ် အခြေခံ၍ တရုတ် ကျွမ်းကျင် ပညာရှင်များက ဌက်ဖျားရောဂါ တိုက်ဖျက်သော ဆေးဝါး တစ်မျိုး ဖြစ်သည့် Chloroquine Phosphate ဆေးသည် COVID-19 တိုက်ဖျက်မှု အပေါ် သက်ရောက်မှု အချို့ရှိသည်ဟု အတည်ပြုခဲ့ကြောင်း ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ယင်းသတင်းကို ကြိုဆိုခဲ့သည်။

“တကယ်လို့ ဌက်ဖျားရောဂါ တိုက်ဖျက်ဆေးဝါးက လူနာတွေကို အမှန်တကယ် ကုသပေးနိုင်တယ် ဆိုရင် မကြာမီ အချိန်မှာ ခက်ခဲတဲ့ အခြေအနေက ပြီးဆုံးသွားတော့မယ်လို့ ထင်ပါတယ်။ဒါကြောင့် ဒီသတင်း ကြားရတဲ့ အတွက် တကယ်ကို ဝမ်းသာပါတယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်က တရုတ်နိုင်ငံ အနေဖြင့် မကြာမီ ကာလ အတွင်း ဗိုင်းရပ်စ်ရောဂါပိုး တိုက်ဖျက်ရေးတွင် အနိုင်ရရှိလိမ့်မည်ဟု မျှော်လင့်ကြောင်း ၊ တရုတ်နိုင်ငံ၏ လျင်မြန်သော ဖွံ့ဖြိုးတိုးတက်မှုသည် တရုတ်နိုင်ငံသားများသာမက ကမ္ဘာတစ်ဝှမ်းရှိ ပြည်သူများ အတွက် အခွင့်အရေး ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)