Connect with us

Asia

ဂျပန်နိုင်ငံ၌ ကမ်းကပ်ထားသည့် Diamond Princess ဇိမ်ခံသင်္ဘောမှ ခရီးသည် နှစ်ဦး ဗိုင်းရပ်စ် ကူးစက်ခံရပြီး သေဆုံး

ဂျပန် နိုင်ငံ ယိုကိုဟားမား ဆိပ်ကမ်း၌ ဆိုက်ကပ်ထားသည့် Diamond Princess ခရီးသည်တင် သင်္ဘောအား တွေ့ရစဉ်(ဆင်ဟွာ)

တိုကျို ၊ ဖေဖော်ဝါရီ ၂၀ ရက်(ဆင်ဟွာ) 

ဂျပန်နိုင်ငံ ယိုကိုဟားမားမြို့၌ ဆိုက်ကပ်ထားသည့် နိုဗယ်လ် ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခြင်းခံထားရသော လူနာများ လိုက်ပါလာသည့် Diamond Princess ဇိမ်ခံ သင်္ဘောပေါ်မှ ဂျပန် နိုင်ငံသား ခရီးသည် နှစ်ဦးမှာ ဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက် သေဆုံးသွားခဲ့ကြောင်း အစိုးရ တာဝန်ရှိသူများက ဖေဖော်ဝါရီ ၂၀ ရက်တွင် ပြောကြားခဲ့သည်။

အသက် ၈၀ နှစ်အရွယ် အဖိုးအိုတစ်ဦး နှင့် အဖွားအိုတစ်ဦးတို့သည် တိုကျိုမြို့အနီး ယိုကိုဟားမားဆိပ်ကမ်း၌ ကမ်းကပ်ကာ ရောဂါပိုး ရှိ ၊ မရှိ စောင့်ကြပ် ကြည့်ရှုခြင်း(Quarantine) ခံရသည့် သင်္ဘာပေါ်မှ ပထမဆုံး သေဆုံးမှု ဖြစ်သည်။

အစိုးရတာဝန်ရှိသူများ၏ အဆိုအရ အဖိုးအဖွား နှစ်ဦးစလုံးသည် ယခင်ကတည်းက ရောဂါ လက္ခဏာ အခံရှိခဲ့ကြသူများဖြစ်ကြောင်း နှင့် အဖိုးအိုအား ဖေဖော်ဝါရီ ၁၁ ရက်တွင် ဆေးကုသမှုပေးရန် သင်္ဘောမှ ဆင်းခွင့်ပြုခဲ့ကြောင်း ၊ နောက်တစ်ရက်အကြာတွင် အဖွားအိုအား သင်္ဘောမှဆင်းခွင့်ပြုပြီး ဆေးကုသပေးခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂၀ ရက်တွင် အဆိုပါ သင်္ဘောပေါ်မှ ခရီးသည် ၅၀၀ ကို ဒုတိယအသုတ်အဖြစ် ဆင်းခွင့်ပြုခဲ့ပြီး ယင်းမတိုင်ခင်က ၄၄၃ ဦးဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း ၊ အများစုမှာ သက်ကြီးရွယ်အိုများဖြစ်ကြောင်း ၊ ၎င်းတို့သည် နှစ်ပတ်ကြာ စောင့်ကြည့်ကာလ ပြုလုပ်ခဲ့ပြီးနောက် ဗိုင်းရပ်စ်ပိုး ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိမှု မရှိသဖြင့် ဖေဖော်ဝါရီ ၁၉ ရက်တွင် သင်္ဘောမှဆင်းခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ကျန်ခရီးသည်များမှ တတိယအုပ်စု အဖြစ် ဖေဖော်ဝါရီ ၂၁ ရက်တွင် သင်္ဘောပေါ်မှ ဆင်းခွင့်ရနိုင်ဖွယ်ရှိကြောင်း ကျန်းမာရေးတာဝန်ရှိသူများက ဆိုသည်။

အဆိုပါ သင်္ဘောပေါ်တွင် ဆက်လက်ကျန်ရစ်နေသူများသည် ရောဂါပိုး ရှိသူနှင့် အနီးကပ် နေထိုင်ခဲ့ကြသူများ ဖြစ်ရာ ၎င်းတို့အား ရောဂါပိုးရှိ မရှိစောင့်ကြပ်ကြည့်ရှု(Quarantine)သူအဖြစ်ထားရှိပြီး ဗိုင်းရပ်စ်ပိုး မရှိကြောင်း စစ်ဆေးတွေ့ရှိပြီးသည့်အချိန်ထိ စောင့်ကြည့်လူနာအဖြစ် သင်္ဘောပေါ်တွင် ဆက်လက် နေထိုင် သွားရမည်ဖြစ်သည်။

Diamond Princess ဇိမ်ခံသင်္ဘောသည် အမေရိကန် ကုမ္ပဏီပိုင်သင်္ဘောဖြစ်ကာ အင်္ဂလန်နိုင်ငံတွင် မှတ်ပုံတင်ထားသော သင်္ဘောဖြစ်ကြောင်း၊ သင်္ဘောပေါ်တွင် အစကနဦး၌ နိုင်ငံနှင့်ဒေသ ၅၀ ကျော်မှ သင်္ဘောဝန်ထမ်း နှင့် ခရီးသည် ၃,၇၀၀ ဦးခန့် လိုက်ပါလာခဲ့ကြောင်း၊ သင်္ဘောပေါ်မှ ခရီးသည်တစ်ဦး ဟောင်ကောင်၌ ဆင်းသွားပြီးနောက် ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိသဖြင့် ယင်းသင်္ဘောသည် ဖေဖော်ဝါရီ ၅ ရက်တွင် ယိုကိုဟားမား ဆိပ်ကမ်း၌ ဆိုက်ကပ်ခဲ့ကာ အဆိုပါ သင်္ဘောအား စောင့်ကြပ်ကြည့်ရှုမှု အခြေအနေဖြင့် ထားရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.