Connect with us

Asia

ဗီယက်နမ်စက်ရုံတစ်ခုအတွင်းရှိ အလုပ်သမား အယောက်၁၀၀ကျော် H1N1ပိုး ကူးစက်ခံရ

H1N1ဗိုင်းရပ်စ်ပိုး ရှိနေသည့် ဆေးစစ်ချက်တစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဟိုချီမင်း၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ အထည်ချုပ်စက်ရုံတစ်ခု တွင် အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားစုစုပေါင်း ၁၁၇ဦး H1N1 ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသည်ကို အတည်ပြုနိုင်ခဲ့ကြောင်း ပြည်တွင်းမီဒီယာ တစ်ခု က စက်တင်ဘာ ၂၆ရက်တွင် ဖော်ပြခဲ့သည်။

Kien Giang ပြည်နယ် Vinatex Kien Giang စက်ရုံ တွင် ဗိုင်းရပ်စ်ပိုးကူးစက်ခံထားရသည့် အလုပ်သမား ၁၁၇ဦး အနက် ၃၄ဦးအား ဆေးရုံသို့ပို့ဆောင်ထားကြောင်း Sai Gon Giai Phone (Saigon Liberation) နေ့စဉ်သတင်းစာ ၌ပါရှိသည်။ ၎င်းတို့၏ ဆေးစစ်ချက်များတွင်လည်း H1N1 ဗိုင်းရပ်စ်ပိုးရှိနေသည်ကို အတည်ပြုထားကြောင်း ဟိုချီမင်းမြို့ Pasteur အဖွဲ့အစည်း၏ ပြောကြားချက်အရသိရသည်။
အဆိုပါ အထည်ချုပ်စက်ရုံတွင် အလုပ်သမားပေါင်း ၁၀၀၀နီးပါး အလုပ်လုပ်ကိုင်နေပြီး နောက်ထပ် တုပ်ကွေးရောဂါပိုး ပျံ့နှံ့မှု မဖြစ်ပွားစေရန် အတွက် အလုပ်သမားများအနေဖြင့် မျက်နှာဖုံးများဝတ်ဆင်ခြင်း၊ အလုပ်ရုံ၊ စားသောက်တန်း နှင့် အိမ်သာများတွင် ပိုးသတ်ဆေးများ ပက်ဖျန်းကြရန် တိုက်တွန်းထားကြောင်း သိရသည်။
အချို့်သော H1N1 ဗိုင်းရပ်စ်ပိုး မျိုးကွဲများအား လူသားများ၌ တွေ့ရှိရကာ ရာသီချိန်တုပ်ကွေး၏ လက္ခဏာ တစ်စိတ်တစ်ဒေသကို ဖြစ်ပွားစေကြောင်း နှင့် အချို့ H1N1 ဗိုင်းရပ်စ်ပိုး ကို ဝက်များနှင့် ငှက်များတွင် တွေ့ရှိရကာ ဝက်တုပ်ကွေးနှင့် ငှက်တုပ်ကွေး ရောဂါများဖြစ်ပွားစေတတ်ကြောင်း သိရသည်။
ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းကြီး (WHO) က ၂၀၀၉ခုနှစ် ဇွန်လတွင် ဝက်များ၌ဖြစ်ပွားခဲ့သည့် H1N1 ဗိုင်းရပ်စ်ပိုး ကမ္ဘာအနှံ့ ပြန့်ပွားခဲ့ရာ ၂၀၁၀ခုနှစ် အစပိုင်းတွင် လူပေါင်း ၁၇,၀၀၀ခန့် သေဆုံးခဲ့ကြောင်း ကြေညာခဲ့သည်။ ၂၀၁၀ခုနှစ် သြဂုတ်လတွင် WHO က H1N1 ဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှု ပြီးဆုံးသွားပြီဖြစ်ကြောင်း နှင့် ကမ္ဘာ့တုပ်ကွေးသည်လည်း သာမာန် ရာသီချိန်တုပ်ကွေး အနေအဖြစ် ပြောင်းလဲသွားပြီးဖြစ်ကြောင်း ထပ်မံကြေညာခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.