Connect with us

Australia / Oceania

ဆိုင်ကလုန်း မုန်တိုင်း ဝင်စတန်ကြောင့် နိုင်ငံတော်အဆင့် သဘာဝဘေး အခြေအနေ ဖီဂျီအစိုးရ ကြေညာ

ဆိုင်ကလုန်း မုန်တိုင်း ဝင်စတန် တိုက်ခတ် နေစဉ် (ဓာတ်ပုံ-အင်တာနက်)

စူဗား၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)

တောင်ပစိဖိတ်ကျွန်းနိုင်ငံ ဖီဂျီသို့ ဝင်ရောက် တိုက်ခတ်သည့် အပူပိုင်း ဆိုင်ကလုန်း မုန်တိုင်း ဝင်စတန် (Winston) ကြောင့် ဖီဂျီနိုင်ငံအား နိုင်ငံတော်အဆင့် သဘာဝဘေး အခြေအနေ အဖြစ် ကြေညာလိုက်ကြောင်း အစိုးရပိုင် အသံလွှင့် ဌာန Fiji Broadcasting Corporation (FBC) က ဖော်ပြထားသည်။

ထိုကြေညာချက်သည် ဖေဖော်ဝါရီလ ၂၀ ရက်မှစတင်၍ ရက်ပေါင်း သုံးဆယ် အထိ အကျိုးသက်ရောက်မည် ဖြစ်ကြောင်း ကျေးလက်နှင့် ပင်လယ်ရေကြောင်း ဖွံ့ဖြိုးမှုနှင့် အမျိုးသား သဘာဝဘေး စီမံခန့်ခွဲမှု အမြဲတမ်း အတွင်းဝန် မဲလက်တီ ဘိန်နီးမာရာမာ (Meleti Bainimarama) က ပြောသည်။

တစ်နိုင်ငံလုံးအား သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရ အမိန့်ကို ဖေဖော်ဝါရီလ ၂၀ ရက် ဒေသစံတော်ချိန် ညနေ ၆း၀၀ နာရီမှစ၍ နောက်တစ်ကြိမ် ကြေညာချက်မထုတ်မီအချိန်အထိ ထုတ်ပြန် ထားသည်။

လတ်တလောတွင် မုန်တိုင်းကြောင့် ထိခိုက်မှုနှင့် ပျက်စီးဆုံးရှုံးမှုစာရင်း မသိရှိသေးကြောင်း အခြေအနေကို အနီးကပ်စောင့်ကြည့်နေသော ဒေသခံရဲက ပြောသည်။

မုန်တိုင်း အမျိုးအစားမှာ အဆင့် ၅ (အမြင့်ဆုံးအဆင့်) ရှိပြီး တစ်နာရီလျှင် လေတိုက်နှုန်း မိုင် ၁၈၀ မှ ၂၂၀ ကျော်ရှိကြောင်းနှင့် ယင်း မုန်တိုင်းမှာ ဆက်လက် အားကောင်း လာနိုင်ကြောင်း သိရသည်။ ယင်းမုန်တိုင်းကြောင့် မြေပြိုမှုများလည်း ရှိခဲ့သလို ကယ်ဆယ်ရေး စခန်း ၇၅၀ ဖွင့်ခဲ့ပြီး အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း ခရီးစဉ်များလည်း ဖျက်သိမ်းခဲ့ရသည်။

အပူပိုင်း ဆိုင်ကလုန်း မုန်တိုင်း ဝင်စတန်ကြောင့် မြို့တော် စူဗား အပါအဝင် နိုင်ငံအတွင်း လျှပ်စစ်မီးများ ပြတ်တောက် သွားခဲ့ကြောင်း သိရသည်။ (Xinhua)