Connect with us

Australia / Oceania

ဖီဂျီတွင် အပူပိုင်း ဆိုက်ကလုန်းမုန်တိုင်း ဝင်စတန် တိုက်ခတ်မှုကြောင့် အနည်းဆုံး လူ ၅ ဦး သေဆုံး

ဆိုက်ကလုန်းမုန်တိုင်း ဝင်စတန် တိုက်ခတ်ပြီးနောက် ပျက်စီးမှုများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

စူဗား၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)

ဖီဂျီနိုင်ငံတွင်းသို့ ညတွင်းချင်း ဝင်ရောက်ခဲ့သည့် အပူပိုင်း ဆိုက်ကလုန်းမုန်တိုင်း ဝင်စတန် (Winston) ကြောင့် သေဆုံးသူ အနည်းဆုံး ၅ ဦးရှိခဲ့ကြောင်း ဝန်ကြီးချုပ် ဗော်ရက် ဘိန်နီမာရာမာ (Voreqe Bainimarama) က ဖေဖော်ဝါရီလ ၂၁ ရက်က အတည်ပြုပြောကြားခဲ့သည်။

မုန်တိုင်း အမျိုးအစား အဆင့် ၅ (အမြင့်ဆုံး) သတ်မှတ်ထားသည့် မုန်တိုင်း ဝင်စတန်သည် ပစိဖိတ်ကျွန်းနိုင်ငံ၏ အဓိကကျွန်း Viti Levu နှင့် မြောက်ဘက်ရှိ Vanua Levu အကြားသို့ တစ်နာရီလျှင် လေတိုက်နှုန်း ၃၂၀ ကီလို မီတာ ကျော် တိုက်ခတ်ခဲ့ကာ နေအိမ် ခေါင်မိုးများ လန်ခြင်း၊ သစ်ပင်များ အမြစ်မှ ကျွတ်ထွက်ခြင်းနှင့် ဆက် သွယ်ရေးနှင့် လျှပ်စစ်မီးများလည်း ပြတ်တောက်ခဲ့သည်။

နိုင်ငံ၏ သဘာဝဘေးဒဏ်သင့်ကာလကို ရက်ပေါင်း ၃၀ သတ်မှတ်ထားကြောင်း အစိုးရက ကြေညာထားသလို တစ်နိုင်ငံလုံးအား ဖေဖော်ဝါရီလ ၂၁ ရက် ဒေသစံတော်ချိန် ညနေ ၅း၃၀ နာရီအထိ သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရ အမိန့် ထုတ်ပြန်ထားသည်။ နိုင်ငံအတွင်းရှိ စာသင် ကျောင်းများအား ရက်သတ္တပတ် တစ်ပတ် ခန့် ပိတ်ထားမည် ဖြစ်သည်။

ပြည်သူလူထုအတွက် ကယ်ဆယ်ရေး စခန်းများကို နိုင်ငံအနှံ့ ဖွင့်ထားသလို ဘေးအန္တရာယ် ကယ်ဆယ်ရေး အဖွဲ့ကလည်း ပုံမှန် အနေအထား ပြန်လည်ရောက်ရှိအောင် ကြိုးစား လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
အာဏာပိုင်များမှလည်း ပျက်ဆီးဆုံးရှုံးမှု ပမာဏအား တွက်ချက်နေဆဲ ဖြစ်သည်။

ဖီဂျီနိုင်ငံအတွင်းရှိ တရုတ်နိုင်ငံသားများမှာ ထိခိုက်မှုစာရင်း မရှိသေးကြောင်း ဖီဂျီနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဆင်ဟွာသို့ ပြောသည်။ ထို့ပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများလည်း ပေးအပ်မည့် အစီအစဉ် တစ်ခု တရုတ်နိုင်ငံ စီးပွားကူးသန်းဝန်ကြီးဋ္ဌာနက ညွှန်ကြားထားသည်။

ဆိုက်ကလုန်း မုန်တိုင်းဒဏ် ခံခဲ့ရသည့် ဖီဂျီကို ကူညီရန် နယူးဇီလန်နိုင်ငံမှ Orion P3 ပင်လယ်ရေကြောင်း ကင်းလှည့်လေယာဉ် တစ်စင်း အပါအဝင် ကနဦး အထောက်အပံ့များ ရောက်ရှိလာပြီ ဖြစ်ကြောင်း နယူးဇီလန် နိုင်ငံခြားရေး ဝန်ကြီး မူရေး မက်ကာလီက ဖေဖော်ဝါရီလ ၂၁ ရက်က ပြောသည်။

ဖီဂျီအစိုးရ၏ အရေးပေါ်တောင်းဆိုချက်အား အလျင်အမြန် တုံ့ပြန်သောအားဖြင့် အဆင့်မြင့် ကော်မရှင်မှတဆင့် နယူးဇီလန်ဒေါ်လာ ၅၀,၀၀၀ (အမေရိကန် ဒေါ်လာ ၃၃,၁၆၇) ထောက်ပံ့မည် ဖြစ်ကြောင်း နယူးဇီလန်အစိုးရ က ကြေညာလိုက်သည်။

ထို့ပြင် ကနဦး ကယ်ဆယ်ရေး အကူအညီအဖြစ် နယူးဇီလန် ဒေါ်လာ ၁၇၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁၁၂,၇၆၇) အထိ ပေးအပ်ရန် နယူးဇီလန် အစိုးရက ခွင့်ပြုထားပြီး ဖြစ်သလို ဖီဂျီရှိ အစိုးရမဟုတ်သော မိတ်ဖက် အဖွဲ့များဖြစ်သော Rotary နှင့် ယူနီဆက်တို့နှင့် လုပ်ဆောင်နေကြောင်း သိရသည်။ (Xinhua)