Connect with us

Eastern Europe

မက်ဆီ နှင့် ရော်နယ်ဒိုကို ကျော်ဖြတ်၍ အကောင်းဆုံးဘောလုံးသမားဆုရနိုင်ချေရှိသူ ခုနှစ်ဦး

ဘရာဇီးတိုက်စစ်မှူးနေမာအားတွေ့ ရစဉ်(ဆင်ဟွာ)

စိန့်ပီတာစပတ် ၊ ဇူလိုင် ၅ ရက်(ဆင်ဟွာ)

နာမည်ကျော် ဂျာမနီ ၊ အာဂျင်တီးနား ၊ စပိန် နှင့် ပေါ်တူဂီအသင်းတို့သည် ကမ္ဘာ့ဖလားပြိုင်ပွဲမှ ဆောလျင်စွာ အိမ်ပြန်ခဲ့ရခြင်းက ကမ္ဘာ့ဖလားတွင် အောင်မြင်မှုမရရှိဘူးသေးသည့် အသင်းတစ်သင်းသင်းက မော်စကိုမြို့၏ Luzhniki ဘောလုံးကွင်း၌ ဇူလိုင် ၁၅ ရက်တွင် ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် ချီးမြှင့်မည့် ဆုဖလားကြီးကို ရရှိရန်အတွက် မျှော်လင့်ချက် အလားအလာများ ပိုမို မြင့်တက်စေခဲ့သည်။

အဆိုပါအခြေအနေမျိုးကြောင့် ၂ဝ၁၈ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ရွှေဘောလုံးဆု(Ballon d’Or) ဟုခေါ်ရမည့် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု ကို ပထမဆုံးအကြိမ် ရရှိမည့် ကစားသမားတစ်ဦး ပို၍ ထွက်ပေါ်လာနိုင်ချေရှိနေရာ လက်ရွေးစင်အသင်းတွင်ဖြစ်စေ ကလပ်အသင်းတွင်ဖြစ်စေ အဆိုပါကစားသမား ပါဝင်ကစားနေသည့် အသင်းအတွက်လည်း အောင်မြင်မှု ရရှိစေမည်ဖြစ်သည်။

အင်္ဂလန်တိုက်စစ်မှူး ဟယ်ရီကိန်း အားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ခရိုအေးရှားတိုက်စစ်မှူး လူကာမိုဒရစ်အားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ပြင်သစ်တိုက်စစ်မှူးအမ်ဘတ်ပီ အားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဘရာဇီးတိုက်စစ်မှူးကော်တင်ဟို အားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ပြင်သစ်ကွင်းလယ်ကစားသမားဂရေးဇမန်းအားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဘယ်လ်ဂျီယံ ကွင်းလယ်ကစားသမား ကီဗင်ဒီဘရိုင်း အားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

အောက်ဖော်ပြပါ ကစားသမား ခုနှစ်ဦးမှာ ဆယ်နှစ်တာကာလအတွင်း ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို ၂ဝ၁၈ ခုနှစ်မှ စ၍ တစ်လှည့်စီ သိမ်းပိုက်ထားသည့် ခရစ်စတီယာနိုရော်နယ်ဒို နှင့် လီယွန်နယ်မက်ဆီတို့ကိုကျော်ဖြတ်၍ ရုရှားနိုင်ငံတွင်ကျင်းပသည့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အကောင်းဆုံးဘောလုံးသမားဆု(ရွှေဘောလုံးဆု) ရရှိရန် အလားအလာရှိနေပေသည်။

လူကာမိုဒရစ် (ခရိုအေးရှား)

ဒိန်းမတ်အသင်းနှင့်ပွဲစဉ်တွင် ပင်နယ်တီလွဲချော်ခဲ့သော်လည်း မိုဒရစ်သည် ခရိုအေးရှားအသင်း၏ နောက်ဆုံးကစားခဲ့သော ၈ ပွဲတွင် အသင်းအတွက် အကောင်းဆုံး ပါဝင်ကစားနိုင်ခဲ့သည်။ ရီယဲလ်မက်ဒရစ်အသင်း၌ ကစားခဲ့စဉ်ကထက် မိုဒရစ်သည် အမြင်စူးရှမှု ၊ လျင်မြန်မှု နှင့် တစ်ချက်ထိ(သို့မဟုတ်) နှစ်ချက်ထိ ကစားဟန်တို့ဖြင့် အကောင်းဆုံးခြေစွမ်းပြခဲ့သည်။

၎င်းသည် အာဂျင်တီးနားအသင်းနှင့်ယှဉ်ပြိုင်ကစားခဲ့သော ပွဲစဉ်တွင် အဝေးကန်ချက်ဖြင့် တစ်ဂိုးသွင်းယူပေးခဲ့သလို ဂိုးပေါက်ခြိမ်းခြောက်မှုလည်း ဖန်တီးပေးခဲ့သည်။ မိုဒရစ်သည် ရီယဲလ်မက်ဒရစ်အသင်းတွင် ကွင်းလယ်ကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနေသလို ပြီးခဲ့သော မေလက ချန်ပီယံလိဂ်ဗိုလ်စွဲခဲ့သော ရီယဲလ်အသင်းတွင်ပါဝင်ခဲ့ပြီး ယင်းမှာ ငါးနှစ်တာအတွင်း လေးကြိမ်မြောက် ဗိုလ်စွဲခြင်းလည်း ဖြစ်ကြောင်းသိရသည်။

အမ်ဘတ်ပီ ( ပြင်သစ်)

အမ်ဘတ်ပီသည် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် မထင်မရှားဖြင့် အစပျိုးခဲ့သော်လည်း တစ်ပွဲပြီးတစ်ပွဲ ခြေစွမ်းတက်လာခဲ့သူဖြစ်သည်။ ၁၆ အသင်း ရှုံးထွက်ပွဲစဉ်တစ်ခုအဖြစ် အာဂျင်တီးနားအသင်းနှင့်ယှဉ်ပြိုင်ကစားခဲ့သော ပွဲစဉ်တွင် အသက် ၁၉ နှစ်အရွယ်ရှိ အမ်ဘတ်ပီသည် အကောင်းဆုံးခြေစွမ်းပြခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အခြားမည်သည့် ကစားသမားထက်မဆို တစ်ဦးချင်း အရည်အသွေး အကောင်းဆုံးခြေစွမ်းပြမှုဖြစ်ခဲ့သည်။

အဆိုပါပွဲစဉ်တွင် အမ်ဘတ်ပီက ကိုယ်တိုင် နှစ်ဂိုးသွင်းယူပေးခဲ့ပြီး အသင်းအတွက် ပင်နယ်တီဂိုး တစ်ဂိုးရရှိအောင် စွမ်းဆောင်ပေးခဲ့သည့် လုပ်ဆောင်ချက်ကို အချို့က ဘရာဇီးထိပ်တန်းကစားသမား ရော်နယ်ဒိုနှင့် ချိန်ထိုးနှိုင်းယှဉ်ခဲ့ကြသည့် အထိပင်ဖြစ်သည်။

ဆယ်ကျော်သက် ကစားသမား ပီလီသည် ၁၉၅၈ ခုနှစ်တွင် ကမ္ဘာ့ဖလားပြိုင်ပွဲ တစ်ပွဲတည်း၌ နှစ်ဂိုးသွင်းယူပေးခဲ့ပြီးကတည်း ကမ္ဘာ့ဖလား၌ ယင်းကဲ့သို့ဂိုးသွင်းယူနိုင်သူ ဆယ်ကျော်သက် ကစားသမား မရှိခဲ့ပေ။ မိုဒရစ်ကဲ့သို့ပင် အမ်ဘတ်ပီသည် ပြီးခဲ့သော ဘောလုံးရာသီတွင် ကလပ်အသင်းအောင်မြင်မှုရရှိအောင် စွမ်းဆောင်ပေးခဲ့သည်။ အဆိုပါ ဆယ်ကျော်သက်ကစားသမားသည် ပြင်သစ် လီဂူဝမ်း ၊ Coupe de France နှင့် Coupe de la Ligue ပြိုင်ပွဲများတွင် ဗိုလ်စွဲခဲ့သည့် ပဲရစ်စိန့်ဂျာမိန်းအသင်းတွင် ပါဝင်ခဲ့သည်။

ဟယ်ရီကိန်း (အင်္ဂလန်)

အင်္ဂလန်အသင်းတွင် ရွှေဘောလုံးဆုကိုနောက်ဆုံး ဆွတ်ခူးနိုင်ခဲ့သူမှာ မိုက်ကယ်အိုဝင်ဖြစ်ပြီး ၂ဝဝ၁ခုနှစ်က ရရှိခဲ့ခြင်းဖြစ်သည်။အဆိုပါမှတ်တမ်းကို ကိန်းက ယခုနှစ်တွင် ချိုးဖျက်ရန် ရှိနေပြီး ၎င်းသည် ၂ဝ၁၇ -၁၈ ဘောလုံးရာသီအတွင်း တော့တင်ဟမ်ဟော့စပါးအသင်းအတွက် ပြိုင်ပွဲစုံတွင် ၄၈ ပွဲပါဝင်ကစားခဲ့ရာ ၄၁ ဂိုးထိ သွင်းယူပေးခဲ့သည်။

အသက် ၂၄ နှစ်အရွယ်ရှိ ကစားသမားသည် အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ရွေးချယ်ခံရပြီး ကမ္ဘာ့ဖလား သုံးပွဲတွင် သွင်းဂိုး ၆ ဂိုးထိသွင်းယူခဲ့ရာ ထိပ်ဆုံးဂိုးသွင်းသူအဖြစ် ရပ်တည်နေသည်။ ကိန်းသည် ၁၉၈၆ ခုနှစ်က ကမ္ဘာ့ဖလားရွှေဖိနပ်ဆုရ အင်္ဂလန်ကစားသမား ဂယ်ရီလိုင်နီကာ နောက်ပိုင်း ဒုတိယမြောက် ရွှေဖိနပ်ဆုရသည့် အင်္ဂလန်ကစားသမား ဖြစ်ရန် မျှော်လင့်နေသည်။

နေမာ (ဘရာဇီး)

ညာဘက်ခြေထောက် အရိုးတစ်ချောင်း ကျိုးခဲ့သဖြင့် သုံးလခန့်ဘောလုံးနှင့်ဝေးကွာခဲ့ရသော်လည်း နေမာသည် ပဲရစ်စိန့်ဂျာမိန်းအသင်းနှင့်အတူ ၎င်း၏ ပထမဆုံးဘောလုံးရာသီကို အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့သည်။ ဘရာဇီးလက်ရွေးစင်ကစားသမားသည် ၂ဝ၁၇ ခုနှစ် သြဂုတ်လတွင် ဘာဆီလိုနာအသင်းမှ ပြင်သစ်ကလပ် ပဲရစ်စိန့်ဂျာမိန်းအသင်းသို့ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို ၂၂၂ သန်းဖြင့် ရောက်ရှိလာခဲ့ပြီး အသင်းအတွက် ၂၂ ဂိုးသွင်းယူပေးကာ ၁၆ ဂိုး ဖန်တီးပေးနိုင်ခဲ့သည်။ ဇွန်လအစောပိုင်းတွင် ဒဏ်ရာမှ သက်သာလာသော နေမာကို ဘရာဇီးအသင်းနည်းပြ Tite က အသင်းအတွက်ရွေးချယ်ခဲ့ပြီး ၎င်းသည်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အသင်းအတွက် နှစ်ဂိုးသွင်းယူပေးခဲ့ပြီးဖြစ်သည်။ ပြီးခဲ့သော သုံးနှစ်တာအတွင်း နေမာသည် ကမ္ဘာ့တတိယ အကောင်းဆုံးဘောလုံးသမားအဖြစ် နှစ်ကြိမ်တိုင်တိုင် မဲပေးရွေးချယ်ခံခဲ့ရပြီး ၎င်းအနေဖြင့် အကောင်းဆုံးဘောလုံးသမားဆုရရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြားထားသည်။ အကယ်၍ ဘရာဇီးအသင်းကို ကမ္ဘာ့ဖလားဗိုလ်စွဲအောင်စွမ်းဆောင်နိုင်ခဲ့ပါက နေမာအနေဖြင့် ၂ဝ၁၈ ခုနှစ် အကောင်းဆုံးဘောလုံးသမားဆုကို သေချာပေါက်ရရှိနိုင်မည်ဖြစ်သည်။

ကီဗင်ဒီဘရိုင်း (ဘယ်လ်ဂျီယံ)

အင်္ဂလန်ပရီးမီးယားလိဂ် နှင့် လိဂ်ဖလားများကို မန်ချက်စတာစီးတီးအသင်းနှင့်အတူ ဗိုလ်စွဲခဲ့ပြီး ယခုနှစ်ဘောလုံးရာသီကလပ်အသင်းအဆင့် ဆုတံဆိပ်များကို ပိုင်ဆိုင်ခဲ့သည့် ကွင်းလယ်ကစားသမားတစ်ဦးဖြစ်သည်။

ကျင်းပဆဲကမ္ဘာ့ဖလားပြိုင်ပွဲတွင် ၎င်း၏ထိပ်တန်းခြေစွမ်းမပြနိုင်သေးသော်လည်း ဒီဘရိုင်းသည် ရုရှားနိုင်ငံ၌ကျင်းပလျက်ရှိသည့် ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ဘယ်လ်ဂျီယံအသင်းအတွက် အကောင်းဆုံးကွင်းလယ်ဖန်တီးရှင်တစ်ဦးအဖြစ် အားလုံးက ယုံကြည်ထားသည်။

အသက် ၂၇ ခုနှစ်အရွယ်ရှိ ကစားသမားသည် လက်ရှိကစားနေသည့်အဆင့်ထက် ပိုမိုအသုံးတည့်စွာ ကစားနိုင်သူတစ်ဦးဖြစ်သည်။သို့သော် ဘယ်လ်ဂျီယံနည်းပြ ရောဘတ်တိုမက်တီနက်က ဂျပန်အသင်းနှင့်ယှဉ်ပြိုင်ကစားခဲ့သည့် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်၌ အနိုင်ရခဲ့သည့်ကစားကွက်ဖြစ်သော ၃-၅-၁-၁ ကစားကွက်ဖြင့် ဇူလိုင် ၆ ရက်တွင် ဘရာဇီးအသင်းနှင့်ယှဉ်ပြိုင်ကစားမည့်ပွဲစဉ်၌ ဂိုးရရှိရန် ၎င်းအားပိုမို အားကိုးဖွယ်ရှိနေသည်။

အန်တိုနီယိုဂရစ်ဇမန်း(ပြင်သစ်)

ဂရစ်ဇမန်းသည် ပြီးခဲ့သောနှစ် ဘောလုံးရာသီက ယူရိုပါလိဂ်ပြိုင်ပွဲ၌ ဗိုလ်စွဲခဲ့သည့် အက်သလစ်ကိုမက်ဒရစ်အသင်း၌ ပါဝင်ခဲ့သော ကစားသမားတစ်ဦးဖြစ်သည်။၎င်းသည် ရုရှား၌ အကောင်းဆုံးခြေစွမ်းပြနိုင်ခြင်းမရှိသေးသော်လည်း တစ်ဦးချင်းအဆုံးသတ်မှုအပိုင်းကောင်းမွန်ပြီး ပြင်သစ်အသင်းအတွက်၎င်း၏ လုပ်ဆောင်ချက်များမှာ ရွှေဘောလုံးဆုရရန် ဆန်ခါတင်စာရင်းဝင်စေခဲ့သည်။ အသက် ၂၇ နှစ်အရွယ်ရှိ ကစားသမားသည် ၂ဝ၁၆ ခုနှစ်က ယင်းဆုအတွက် တတိယမဲအများဆုံး ရရှိခဲ့သူတစ်ဦးဖြစ်သည်။

ဖိလစ်ကော်တင်ဟို(ဘရာဇီး)

ကော်တင်ဟိုသည် ပြီးခဲ့သော ဇန်နဝါရီလက လီဗာပူးအသင်းမှ ပြောင်းရွှေ့ကြေး ယူရို သန်း ၁၆ဝ ဖြင့် ဘာဆီလိုနာအသင်းသို့ရောက်ရှိလာသူဖြစ်သည်။ အသက် ၂၆ နှစ်အရွယ်ရှိ ကစားသမားသည် ဘာဆီလိုနာအသင်းအတွက် ၂၂ ပွဲ ပါဝင်ကစားခဲ့ပြီး ၁ဝ ဂိုးသွင်းယူကာ အသင်းအား လာလီဂါ ထိပ်တန်းစာရင်းဝင်ဖြစ်အောင် စွမ်းဆောင်ပေးခဲ့သည်။ ၎င်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဘရာဇီးအသင်း၏ ပို၍ တည်ငြိမ်သော ကွင်းလယ်ကစားသမားတစ်ဦးအဖြစ် အနီး ၊ အဝေး ကန်တင်ချက်များပြုလုပ်ထားနိုင်သည့်အတွက် ကမ္ဘာ့အကောင်းဆုံးရွှေဘောလုံး ဆုစာရင်း၌ အပြင်ဘက်ဆွဲထုတ်၍ မရသော ကစားသမားတစ်ဦးအဖြစ် ရပ်တည်နေစေခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.