Connect with us

Europe

တူရကီနိုင်ငံ လေဆိပ်တွင် ဗုံးပေါက်ကွဲမှု ကြောင့် ၃၆ ဦးသေ၊ ၁၄၇ ဦး ဒဏ်ရာ ရရှိ

ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် အစ္စတန်ဘူလ်မြို့ရှိ Ataturk လေဆိပ်အား တွေ့ရစဉ် (ဆင်ဟွာ)

အစ္စတန်ဘူလ်၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ ရှိ Ataturk လေဆိပ်တွင် ဇွန်လ ၂၈ ရက် ညပိုင်းက ပေါက်ကွဲမှု နှစ်ခု ဖြစ်ပွားခဲ့၍ ၃၆ ဦး သေဆုံးပြီး ၁၄၇ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း နှင့် ဗုံးပေါက်ကွဲမှု ဖြစ်စဉ် အတွင်း အသေခံ ဗုံးခွဲသူ သုံးဦး ပါဝင်ခဲ့ပြီး လေယာဉ် ပျံသန်းမှု အားလုံး ရပ်ဆိုင်းထားခဲ့ကြောင်း သိရသည်။

အစ္စတန်ဘူလ်မြို့ အုပ်ချုပ်ရေးမှူး Vasip Sahin က အသေခံ ဗုံးခွဲသူ သုံးဦး၏ ဖြစ်နိုင်ချေများကို စုံစမ်း စစ်ဆေးနေကြောင်း လေဆိပ်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ တစ်ခု၌ ပြောကြားခဲ့သည်။
အကြမ်းဖက်သမား တစ်ဦးသည် ရိုင်ဖယ် သေနတ်ဖြင့် လှည့်ပတ် ပစ်ခတ်ခဲ့ပြီးနောက် မိမိကိုယ်ကို အသေခံ ဗုံးဖောက်ခွဲခဲ့ကြောင်း တူရကီ တရားရေးရာ ဝန်ကြီး Bekir Bozdag က အစောပိုင်းတွင် အန်ကာရာမြို့၌ ပြောကြားခဲ့သည်။
တူရကီ တာဝန်ရှိသူ တစ်ဦး၏ တွစ်တာ စာမျက်နှာတွင် ရေးသားထားချက်အရ သေဆုံးသူ အများစုသည် တူရကီ နိုင်ငံသားများ ဖြစ်ကြပြီး သေဆုံးသူ တချို့နှင့် ဒဏ်ရာ ရရှိသူများ ထဲတွင်လည်း နိုင်ငံခြားသားများ ပါဝင်ကြောင်း သိရသည်။
ရဲတပ်ဖွဲ့များသည် လေဆိပ် ဝင်ပေါက်၊ ထွက်ပေါက်များအား ပိတ်ခဲ့ပြီး ဗုံးပေါက်ကွဲမှု နောက်ဆက်တွဲ အနေဖြင့် လေဆိပ်သို့ ဆိုက်ရောက်လာမည့် လေယာဉ် တချို့အား လမ်းကြောင်းပြောင်း စေခဲ့ကြောင်း အစီရင်ခံစာများ အရ သိရသည်။
တူရကီနိုင်ငံ ဝန်ကြီးချုပ် Binali Yildirim က အကျပ်အတည်း ဖြေရှင်းရေးအဖွဲ့ ဖွဲ့စည်းရန် အမိန့်ပေးခဲ့ပြီး အစ္စတန်ဘူလ်မြို့သို့ ညတွင်းချင်း ရောက်ရှိလာခဲ့ဲကာ ဗုံးဖောက်ခွဲမှု အား လုပ်ဆောင်ခဲ့သည့် IS အကြမ်းဖက် အုပ်စုကို ပြစ်တင်ရှုတ်ချခဲ့ကြောင်း သိရသည်။
တူရကီ လခြမ်းနီအဖွဲ့ အကြီးအကဲ Kerem Kinik ကလည်း ဒဏ်ရာ ရရှိသူများအတွက် သွေးလှူဒါန်းကြရန် နှိုးဆော်ထားကြောင်း သိရသည်။
အစ္စတန်ဘူလ်မြို့တွင် ဇွန်လ ၇ ရက်ကလည်း တိုက်ခိုက်မှု တစ်ခု ဖြစ်ပွားခဲ့ပြီး လုံထိန်း ရဲတပ်ဖွဲ့များ၏ ဘတ်စ်ကားအား ကားဗုံးဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကာ ရဲဝန်ထမ်း ၆ ဦး အပါအဝင် လူ ၁၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.