Connect with us

Europe

နျူကလီးယား လုံခြုံရေး တာဝန်ခံမှု ရန်ပုံငွေ ယူရို သန်း ၂၀ ထည့်ဝင်မည်ဟု အီးယူ ကတိပြု

ချာနိုဘိုင်း နျူကလီးယား ဓာတ်ပေါင်းဖိုနှင့် အထိမ်းအမှတ် ရုပ်တုအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ဘယ်လာရုစ်၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ)

နျူကလီးယား လုံခြုံရေး (Nuclear Safety Account= NSA) ရန်ပုံငွေအတွက် ယူရို သန်း ၂၀ (အမေရိကန် ဒေါ်လာ) ဝန်းကျင် ထည့်ဝင်မည် ဖြစ်ကြောင်း ဥရောပ ကော်မရှင်က ဧပြီလ ၂၅ ရက်က ကတိပြု လိုက်သည်။

အဆိုပါ ကြေညာချက်သည် ချာနိုဘိုင်း နျူကလီးယား ဓာတ်ပေါင်းဖို ပေါက်ကွဲမှု ဖြစ်ပွားသည့် နှစ် ၃၀ ပြည့် နှစ်ပတ်လည်နေ့ အလို တစ်ရက် ကြိုတင်၍ ထွက်လာခြင်း ဖြစ်သည်။

ယင်းငွေပမာဏမှာ ဥရောပ အရှေ့ပိုင်းနှင့် အလယ်ပိုင်း ဒေသတွင် နျူကလီးယား လုံခြုံရေး ပရောဂျက်များ အတွက် ငွေကြေး ဖြည့်တင်းရန် G7 က ၁၉၉၃ ခုနှစ်တွင် ကနဦး စီစဉ် ချမှတ်ခဲ့သည့် NSA ၏ ရှိနှင့်ပြီးသား ထောက်ပံ့မှုများတွင် ဖြည့်စွက်ရန် G7 နှင့် ဥရောပ ကော်မရှင်တို့က မျှော်လင့်ထားသည့် ယူရို ၄၅ သန်း၏ အစိတ်အပိုင်း တစ်ရပ် ဖြစ်သည်။

NSA က EBRD (European Bank for Reconstruction and Development) ၏ စီမံခန့်ခွဲမှု အောက်တွင် ရှိပြီး ချာနိုဘိုင်း နျူကလီးယား စက်ရုံ ဓာတ်ပေါင်းဖို ၁ မှ ၃ အား စိတ်ချ လုံခြုံစွာ ပိတ်သိမ်း နိုင်ရေး အတွက် ငွေကြေး ထောက်ပံ့နေခြင်း ဖြစ်သည်။

လက်ရှိ အဆိုပါ ရန်ပုံငွေဖြင့် Interim Spent Fuel Storage Facility (ISF2) အား ၂၀၁၇ ခုနှစ် တွင် ပြီးစီးရေး အတွက် အဓိက လုပ်ဆောင်နေသည်။ ယင်း အဆောက်အအုံသည် ချာနိုဘိုင်း နျူကလီးယား ဓာတ်ပေါင်းဖို အမှတ် ၁ ၊ ၂ နှင့် ၃ ရှိ နျူကလီးယား လောင်စာများအား လွှဲပြောင်း သိုလှောင်မည့် နေရာ ဖြစ်သည်။

ဥရောပ ကော်မရှင် အနေဖြင့် ချာနိုဘိုင်း ပရောဂျက် အတွက် စုစုပေါင်း ယူရို သန်း ၇၃၀ သုံးစွဲသွားရန် ရှိသည်။ ၁၉၈၆ ခုနှစ် ဧပြီလ ၂၆ ရက်တွင် ချာနိုဘိုင်း ဓာတ်ပေါင်းဖို ပေါက်ကွဲမှုကြောင့် မြောက်မြားစွာသော ရေဒီယို သတ္တိကြွ ပစ္စည်းများနှင့် နျူကလီးယား စက်ရုံသုံး ပစ္စည်းများ လေထုထဲသို့ ပျံ့နှံ့သွားခဲ့သည်။ ချာနိုဘိုင်း နျူကလီးယား ဓာတ်ပေါင်းဖို ပေါက်ကွဲမှုမှာ သမိုင်းတလျှောက် အဆိုးဝါးဆုံး မတော်တဆမှု တစ်ခု ဖြစ်သည်။ (Xinhua)