Connect with us

Europe

ယူကရိန်း တိရစ္ဆာန် ဥယျာဉ်ရှိ ကမ္ဘာ့ အသက်အကြီးဆုံး ရေမြင်း သေဆုံး

ယူကရိန်း တိရစ္ဆာန် ဥယျာဉ်ရှိ ကမ္ဘာ့ အသက်အကြီးဆုံး ရေမြင်း Brestaအားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ယူကရိန်း၊ မေ ၂၅ ရက် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံ ကီးအက်ဗ်မြို့ တိရစ္ဆာန် ဥယျာဉ် ရှိ ကမ္ဘာ့ အသက်အကြီးဆုံး ရေမြင်း ဟု ယူဆရသော အသက် ၅၈ နှစ် အရွယ် Bresta အမည်ရှိ ရေမြင်းမကြီး သေဆုံးသွားပြီ ဖြစ်ကြောင်း တိရစ္ဆာန် ဥယျာဉ်၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ယူကရိန်း မီဒီယာ က မေလ ၂၄ ရက်တွင် သတင်း ထုတ်ပြန်ခဲ့သည်။

Bresta သေဆုံးခြင်း နှင့် ပတ်သက်၍ တိရစ္ဆာန် ဥယျာဉ် တာဝန်ရှိသူများက မှတ်ချက်ပေးခြင်း မရှိသော်လည်း မီဒီယာတစ်ချို့က Bresta သည် အသက်အရွယ် ကြီးရင့်လာမှု တို့အပါအဝင် လွန်ခဲ့သည့် လများအတွင်း အရိုးအဆစ်နှင့် ပတ်သက်သည့် ရောဂါကြောင့် အခြေအနေ ဆိုးရွားလာခဲ့ကြောင်း ဖော်ပြခဲ့ကြသည်။
တိရစ္ဆာန် ဥယျာဉ်၏ ကြေညာချက်ကို ဒေသခံများ ကြားသိပြီးနောက် ဆိုရှယ် မီဒီယာများပေါ် ၌ Bresta သေဆုံးခြင်းအတွက် ဝမ်းနည်းကြောင်း ဖော်ပြသည့်စာများ ရေးသားခဲ့ကြသည်။ Brestaသည် Kiev တိရစ္ဆာန် ဥယျာဉ်၏ အဓိက ဆွဲဆောင်မှု များအနက် တစ်ခု ဖြစ်သည့် အပြင် တိရစ္ဆာန် ဥယျာဉ် ရှင်သန်ခြင်း အမှတ်သင်္ကေတ တစ်ခု ဖြစ်ကြောင်း သိရသည်။
Bresta ကို ၁၉၅၈ ခုနှစ်တွင် မြူးနစ်မြို့ တိရစ္ဆာန် ဥယျာဉ် ၌ မွေးဖွားခဲ့ပြီး ၁၉၇၃ ခုနှစ်တွင် Kiev တိရစ္ဆာန် ဥယျာဉ်သို့ ရေမြင်း ပေါက်စလေး အဖြစ် ရောက်ရှိလာခဲ့ပြီး ၎င်း၏ ခင်မင် ရင်းနှီးတတ်မှုနှင့် ကြင်နာတတ်မှု များကြောင့် တိရစ္ဆာန် ဥယျာဉ်သည် လည်ပတ်သူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။
Bresta သည် ၂၀၁၃ခုနှစ် ၌ ယူကရိန်းနိုင်ငံတွင် အသက် အကြီးဆုံး ရေမြင်းဆု ကိုရရှိခဲ့သည်။ ၎င်းအား တိရစ္ဆာန် ဥယျာဉ်၌ ထိန်းသိမ်းစောင့်ရှောက်သူ တစ်ဦးက ၎င်းကို ယခုကဲ့သို့ အသက်၅၈ နှစ်အထိ နေနိုင်ခဲ့အောင် တစ်နေ့လျှင် မြက် ၅၀ ကီလိုဂရမ်၊ ဟင်းသီးဟင်းရွက် နှင့် သစ်သီး ၇ ကီလိုဂရမ် ကျွေးမွေး စောင့်ရှောက်ခဲ့ကြောင်း ပြောကြားသည်။
သဘာဝ တောရိုင်းထဲ ၌ ရေမြင်းတစ်ကောင်၏ ယေဘုယျသက်တမ်းသည် ၃၅ နှစ် ဖြစ်ပြီး များသောအားဖြင့် နှစ် ၅၀ ထက် ပို၍ အသက်ရှင်နိုင်စွမ်း မရှိကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.