Connect with us

Europe

ရုရှားနိုင်ငံတွင် သတင်းစာတိုက်ဝန်ထမ်း ၄ ဦး ဓားသမား တိုက်ခိုက်မှုကြောင့် ဒဏ်ရာရ

ရုရှားနိုင်ငံတွင် တာဝန်ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ မေ ၂၈ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ အနောက်တောင်ပိုင်း စတပ်ရိုပိုလ်မြို့ရှိ ရိုဒီနာသတင်းစာတိုက်ဝန်ထမ်းအား ဓားကိုင်ထားသည့် အမျိုးသားတစ်ဦးက မေလ ၂၇ ရက်တွင် တိုက်ခိုက်ခဲ့ကြောင်း၊ လူ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း စတပ်ရိုပိုလ် ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး ဗလာဒီမာပူတင် ဗလာဒီမီရော့ဗ် (Vladimir Vladimirov) က ပြောကြားခဲ့သည်။

“အခု အဲဒီ တိုက်ခိုက်သူကို ထိန်းသိမ်းထားပြီး ရဲတပ်ဖွဲ့က လိုအပ်တဲ့လုပ်ဆောင်မှုတွေအားလုံးကို လုပ်ဆောင်နေပါတယ်။ ဥပဒေအရာရှိတွေက တိုက်ခိုက်မှုရဲ့ ရည်ရွယ်ချက်တွေနဲ့ အခြေအနေတွေအားလုံးကို အမြန်ဆုံး ဖော်ထုတ်သွားမှာဖြစ်ပြီး ဥပဒေနဲ့အညီ အပြစ်ဒဏ်တွေကိုလည်း ချမှတ်သွားမှာပါ” ဟု ဗလာဒီမီရော့ဗ်က အင်စတာဂရမ်တွင် ပြောကြားထားသည်။

ဒဏ်ရာရသူများအနက် ၂ ဦးမှာ ဆေးရုံမှဆင်းသွားပြီဖြစ်ကြောင်း၊ ကျန် ၂ ဦးမှာလည်း အသက်အန္တရာယ် စိုးရိမ်စရာမရှိတော့ကြောင်း ၎င်းက ပြောခဲ့သည်။

တိုက်ခိုက်သူက အယ်ဒီတာရုံးခန်းကို ဝင်ရောက်ခဲ့ပြီး “အလွန်ရက်စက်သော” သတင်းဆောင်းပါးတစ်ပုဒ်အား သတင်းစာတွင် ပုံနှိပ်ထုတ်ဝေပေးဖို့ တောင်းဆိုခဲ့ကြောင်း ဒဏ်ရာရသူများအနက် တစ်ဦးအပါအဝင်ဖြစ်သော ရိုဒီနာသတင်းစာ အယ်ဒီတာချုပ် နီကိုလိုင် ဘွန်ဒါရန်ကို (Nikolai Bondarenko) က ဒေသခံ TV ချန်နယ်တစ်ခုအား ပြောခဲ့သည်။

“ရူးနေတဲ့သူတစ်ယောက်နဲ့ ရင်ဆိုင်ခဲ့ရတာ ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ သူဘာလုပ်ခဲ့မိမှန်းတောင် သူသိမှာမဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်” ဟု ဘွန်ဒါရန်ကိုက ပြောကြားခဲ့သည်။ (Xinhua)