Connect with us

International Organizations

မီရှဲလ်ယိုအား ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်၏ ချစ်ကြည်ရေး သံတမန် အဖြစ် ခန့်အပ်

မင်းသမီး မီရှဲလ်ယိုနှင့် UNDP အုပ်ချုပ်ရေးမှူး ဟဲလ်လန် ကလက် (Helen Clark) တို့အား တွေ့ရစဉ် (ဓာတ်ပုံ- UNDP)

ကုလသမဂ္ဂ၊ မတ် ၁၆ ရက် (ဆင်ဟွာ)

ဟောလိဝုဒ် ရုပ်ရှင်မင်းသမီး မီရှဲလ်ယို (Michelle Yeoh) အား ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP) ၏ ချစ်ကြည်ရေး သံတမန်အဖြစ် မတ်လ ၁၅ ရက်က ခန့်အပ်လိုက်ကြောင်း သိရသည်။

မလေးရှား နိုင်ငံဖွား မင်းသမီး မီရှဲလ်ယို အနေဖြင့် လာမည့် ၁၅ နှစ်အတွင်း ကမ္ဘာ့ ဖွံ့ဖြိုးရေး ကြိုးပမ်းအားထုတ် မှုအတွက် စီမံကိန်း တစ်ခုအဖြစ် ကမ္ဘာ့ခေါင်း ဆောင်များမှ ခွင့်ပြုထားသည့် ရေရှည် တည်တံ့သော ဖွံ့ဖြိုးမှု ပန်းတိုင်များ (Sustainable Development Goals= ADGs) ဆိုင်ရာ အသိပညာများ မြှင့်တင်ရေးနှင့် စည်းရုံး လှုံ့ဆော်ရေး စသည့်တို့အား အလေးပေး လုပ်ဆောင်သွားမည် ဖြစ်သည်။

“ပျက်စီးဆုံးရှုံးမှု အမျိုးမျိုး ခံစားနေရတဲ့ ဒေသမှာ ဆင်းရဲ ချို့တဲ့စွာ မွေးဖွားလာခဲ့ရသူတွေ၊ ယနေ့ခေတ်ရဲ့ နောက်မှာ ကျန်နေခဲ့ရတဲ့သူတွေ အားလုံးအတွက် ကျွန်မ ဒီနေရာမှာ ရှိနေချင်ပါတယ်၊ UNDP ရဲ့ သံတမန် တစ်ဦး အနေနဲ့ လူထုအတွက် အတားအဆီးများကို ကျော်လွှားနိုင်ရေးနဲ့ ကောင်းမွန်တဲ့ နေထိုင်မှုဘဝ ရရှိအောင် ကျွန်မ ကူညီနိုင်သမျှ အားလုံး လုပ်သွားမှာပါ” ဟု နယူးယောက်မြို့ရှိ UNDP ရုံးချုပ်၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် မီရှဲလ်ယိုက ပြောသည်။

UNDP အုပ်ချုပ်ရေးမှူး ဟဲလ်လန် ကလက် (Helen Clark) ကလည်း ကမ္ဘာ့ ရည်မှန်းချက် ပန်းတိုင် အသစ်များ အကောင်အထည် ဖော်ရန်အတွက် မိမိတို့ ကိုယ်တိုင်နှင့် ကမ္ဘာကြီးအတွက် အလွန်အရေးပါသည့်နှစ် ဖြစ်ကြောင်းနှင့် မီရှဲလ်ယိုကဲ့သို့ ခိုင်မာသည့် မိတ်ဖက်များ၏ အတွေ့အကြုံများ၊ အတွေးအမြင်များ မျှဝေခြင်းအား လိုအပ်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

မီရှဲလ်ယိုသည် ကမ္ဘာ့ သံတမန်အဖြစ် ၂၀၁၂ ခုနှစ်တွင် Live to Love and Make Roads Safe လှုပ်ရှားမှု၊ ၂၀၁၃ ခုနှစ်တွင် ခွဲခြား ဆက်ဆံမှု ကင်းစင် ပပျောက်ရေး လှုပ်ရှားမှု (UNAIDS)၊ ၂၀၁၅ ခုနှစ်တွင် နီပေါသို့ Live to Love လူသားချင်း စာနာထောက်ထားမှု ကူညီရေး ခရီးစဉ်တွင် ပါဝင် ဆောင်ရွက်ခဲ့သည်။

UNDP ၏ ချစ်ကြည်ရေး သံတမန်အဖြစ် မီရှဲလ်ယို အပါအဝင် စပိန် မင်းသား Antonio Banderas, အမေရိကန် မင်းသမီး Connie Britton, ဂျပန် မင်းသမီး Misako Kono, ဘောလုံးကစားသမား Didier Drogba, Iker Casillas, Ronaldo, Marta Vieira da Silva နှင့် Zinedine Zidane တို့အား တာဝန် ခန့်အပ်ထားကြောင်း သိရသည်။

၁၉၆၂ ခုနှစ်တွင် မလေးရှားနိုင်ငံ၌ မွေးဖွားခဲ့သည့် မီရှဲလ်ယိုသည် The LADY ဇာတ်ကားတွင် မြန်မာနိုင်ငံမှ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အဖြစ် ပါဝင် သရုပ်ဆောင်ခဲ့သည့် မင်းသမီးတစ်ဦး ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.