Connect with us

Latin America

ကမ္ဘာ့အကြီးဆုံး ပင်လယ်ဆိုင်ရာ ကာကွယ်ရေး နယ်မြေ အမေရိကန် တည်ဆောက်မည်

Papahanaumokuakea ပင်လယ်ဆိုင်ရာ အမျိုးသား အထိမ်းအမှတ်အတွင်း တွေ့ရသည့် အပြာရောင်ငါးနှင့် ပင်လယ် သဘာဝ အရင်းမြစ်များအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ဝါရှင်တန်၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ)

ဟာဝိုင်အီ ကမ်းလွန်ရှိ အမျိုးသား အထိမ်းအမှတ် နယ်မြေ Papahanaumokuakea အား ချဲ့ထွင်ကာ ကမ္ဘာပေါ်တွင် အကြီးဆုံး ပင်လယ်ဆိုင်ရာ ကာကွယ်ရေး နယ်မြေ တစ်ခု ဖန်တီးရန် အမေရိကန် သမ္မတ ဘားရတ် အိုဘားမားက ဆုံးဖြတ်ခဲ့ကြောင်း အိမ်ဖြူတော်က သြဂုတ်လ ၂၆ ရက်၌ ကြေညာလိုက်သည်။

Papahanaumokuakea ပင်လယ်ဆိုင်ရာ အမျိုးသား အထိမ်းအမှတ် နယ်မြေသည် အနောက်မြောက်ပိုင်း ဟာဝိုင်အီကျွန်းများ တည်ရှိရာ ပင်လယ်ပြင် ဧရိယာကို ထိန်းသိမ်းစောင့်ရှောက်ရန် ရည်ရွယ်ချက်ဖြင့် အမေရိ ကန် သမ္မတ ဂျော့ရှ် ဒဗလျူဘုရှ်က ၂၀၀၆ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး ယင်းသို့ ချဲ့ထွင်ပြီးပါက ၎င်း နယ်မြေသည် စုစုပေါင်း ဧရိယာ ၅၈၂,၅၇၈ စတုရန်းမိုင် ရှိလာမည် ဖြစ်ပြီး ကမ္ဘာ့ အကြီးဆုံး ပင်လယ်ပြင် ဆိုင်ရာ ကာကွယ်ရေး နယ်မြေ ဖြစ်လာမည် ဖြစ်သည်။

လာမည့် ရက်သတ္တပတ်အတွင်း သမ္မတ အိုဘားမားသည် အဆိုပါ အထိမ်းအမှတ်နေရာသို့ သွားရောက်ကာ နေရာသတ်မှတ်ခြင်းအား လုပ်ဆောင်မည်ဟု အိမ်ဖြူတော် ကြေညာချက်အရ သိရသည်။ထိုသို့ နယ်မြေ ချဲ့ထွင်ခြင်းလုပ်ငန်း လုပ်ဆောင်နေစဉ်အချိန်၌ စီးပွားဖြစ် ငါးဖမ်းခြင်းနှင့် မည်သည့် စွမ်းအင် ဖွံ့ဖြိုးမှု လုပ်ဆောင်မှု အသစ်မျိုးကိုမဆို ပိတ်ပင်ထားမည် ဖြစ်ကြောင်း၊ ဟာဝိုင်အီ ယဉ်ကျေးမှုဆိုင်ရာ အလေ့အထများ နှင့် သုတေသနနှင့် သိပ္ပံပညာရပ်ဆိုင်ရာ ရှာဖွေခြင်းများကိုမူ တရားဝင်ခွင့်ပြုချက်ဖြင့်သာ လုပ်ဆောင်ရမည် ဖြစ် ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ထားသည်။
အပျော်သဘော ငါးဖမ်းခြင်းများကိုလည်း တရားဝင်ခွင့်ပြုချက်စာ ရရှိမှသာ လုပ်ဆောင်ခွင့်ပြုမည် ဖြစ်သည်။

ယခုလို အထိမ်းအမှတ် နယ်မြေ ချဲ့ထွင်ခြင်းသည် သမ္မတ အိုဘားမား လက်ထက်တွင် ၂၆ ခုမြောက် လုပ် ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)