Connect with us

Latin America

အီကွေဒေါနိုင်ငံတွင် ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးဒဏ်ရာရမှုများရှိ

ဇန်န၀ါရီလ ၁၄ ရက်က အီကွေဒေါနိုင်ငံတွင် ဖြစ်ပွားသော ယာဉ်မတော်တဆမှုအား တွေ့ရစဉ်(ဆင်ဟွာ)

ကီဒို ၊ မတ်လ ၂၅ ရက်(ဆင်ဟွာ)

အီကွေဒေါနိုင်ငံ အနောက်ဘက်ရှိ ပင်လယ်ကမ်းရိုးတန်းပြည်နယ်တစ်ခုဖြစ်သည့် Manabi ပြည်နယ်တွင် မတ်လ ၂၄ ရက်က ခရီးသည်တင်ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးသူ အနည်းဆုံး ၁၂ ဦး ရှိပြီး ၂၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မတ်လ ၂၄ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီခန့်က Guayaquil မြို့ နှင့် Manta မြို့သို့ ပြေးဆွဲသည့် ခရီးသည်တင်ယာဉ်သည် Manabi ပြည်နယ်အတွင်းရှိ အဝေးပြေးလမ်းမပေါ်တွင် မောင်းနှင်နေစဉ် ပြေးလမ်းမှချော်ထွက်၍ ဘေးတစောင်း တိမ်းမှောက်ခဲ့ပြီး သေဆုံးဒဏ်ရာရမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အရှိန်လွန်မောင်းနှင်သောကြောင့် အန္တရာယ်ကွေ့တစ်ခုတွင် ယခုကဲ့သို့ တိမ်းမှောက်ခဲ့ရခြင်းဖြစ်နိုင်သည်ဟု ကနဦး အနေဖြင့် ယူဆရကြောင်း အခင်းဖြစ်ပွားသောနေရာရှိ ရဲအရာရှိတစ်ဦးက ဆိုသည်။ အီကွေဒေါနိုင်ငံသည် လက်တင်အမေရိကားတွင် ယာဉ်မတော်တဆဖြစ်ပွားမှု အများဆုံး နိုင်ငံတစ်နိုင်ငံဖြစ် သည်။ လမ်းအနေအထားရှုပ်ထွေးခြင်း ၊ ယာဉ်များကောင်းမွန်မှုမရှိခြင်းနှင့် ယာဉ်မောင်းများက အရှိန်လွန် မောင်းနှင်ခြင်းများကြောင့် ယခုကဲ့သို့ ယာဉ်မတော်တဆအမှုများ မကြာခဏဖြစ်ပွားနေရခြင်း ဖြစ်သည်။ (Xinhua)