Connect with us

Latin America

ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင် Guaido အား ဥပဒေကြောင်းအရ တရားစွဲဆိုခွင့်မှ ကာကွယ်ပေးထားမှုကို ဖယ်ရှားရန် တရားရုံးချုပ်က စီစဉ်

ဗင်နီဇွဲလားနိုင်ငံ အတိုက်အခံခေါင်းဆောင် Juan Guaido အားတွေ့ ရစဉ်(ဆင်ဟွာ)

ကာရာကာ့စ် ၊ ဧပြီ ၂ ရက် (ဆင်ဟွာ)

ဗင်နီဇွဲလားနိုင်ငံ တရားသူကြီးချုပ် Maikel Moreno က အတိုက်အခံခေါင်းဆောင် ဂျူအန်ဂွိုက်ဒို(Juan Guaido) အား နိုင်ငံမှ ထွက်ခွာခွင့်ကို တားဆီးသွားရန် နှင့် ၎င်းအား ဥပဒေကြောင်းအရ တရားစွဲဆိုခွင့်မှ ကာကွယ်ပေးထားမှုကို အမျိုးသားလွှတ်တော်ညီလာခံ(ANC)က ဖယ်ရှားသွားရန် ဧပြီ ၁ ရက်တွင် ထပ်လောင်းအတည်ပြုခဲ့သည်။

“ ဂျူအန်ဂွိုက်ဒိုအပေါ်တရားစွဲဆိုခွင့်မှ အကာအကွယ်ပေးထားမှုကို ရုပ်သိမ်းသွားဖို့အတွက် အမျိုးသားလွှတ်တော်ညီလာခံ(ANC)ဆီ စာပေးမယ့် ဆုံးဖြတ်ချက်ကို အတည်ပြုပြီးပါပြီ” ဟု Moreno က ဆိုသည်။

ဇန်နဝါရီ ၂၃ ရက်က ၎င်းကိုယ်ကိုယ် ယာယီသမ္မတ အဖြစ် ထုတ်ဖော်ကြေညာထားသည့် အတိုက်အခံခေါင်းဆောင်အနေဖြင့် လွန်ခဲ့သောလအနည်းငယ်က ဥပဒေချိုးဖောက်ကြောင်း တရားရုံးချုပ် TSJ က ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ဗင်နီဇွဲလားနိုင်ငံ၏ တရားရုံးချုပ်က ဂွိုက်ဒိုအား နိုင်ငံမှ ထွက်ခွာခွင့်ကို တားမြစ်ခဲ့ပြီး ဇန်နဝါရီလတွင် ၎င်း၏ ငွေကြေးလွှဲပြောင်းလက်ခံမှုများကိုလည်း တားမြစ်ခဲ့ကြောင်း သိရသည်။(Xinhua)