Connect with us

North America

အမေဇုန်ဒေသအနီး ကမ္ဘာလှည့် ခရီးသည်များ လိုက်ပါလာသည့် ဇိမ်ခံသင်္ဘောအား ပီရူး ပင်လယ်ဓါးပြများက တိုက်ခိုက်

Delfin Amazon Cruises ကုမ္ပဏီပိုင် အမေဇုန် သစ်တောအတွင်း သွားလာနေသည့် ဇိမ်ခံသင်္ဘော တစ်စီးအားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

လီမာ၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)

ပီရူးနိုင်ငံရှိ ပင်လယ်ဓါးပြ အုပ်စု တစ်စုသည် Loreto အမေဇုန်ဒေသ အတွင်း သွားလာနေသည့် ကမ္ဘာလှည့် ခရီးသည်များ လိုက်ပါလာသော ဇိမ်ခံအပျော်စီး သင်္ဘောတစ်စီးအား ဇူလိုင်လ ၁၄ ရက်က ဓါးပြတိုက်ခဲ့ကြောင်း Iquitos မြို့ အကြီးတန်း ရဲအရာရှိ တစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါ ဇိမ်ခံသင်္ဘောတွင် ပီရူးနိုင်ငံသား ၃၃ ဦး၊ အမေရိကန် နိုင်ငံသား ၂၀ ဦး၊ သြစတြေးလျ နိုင်ငံသား ၆ ဦး နှင့် နယူးဇီလန် နိုင်ငံသား ၂ ဦး တို့လိုက်ပါလာကြပြီး ပီရူးနိုင်ငံ အမေဇုန် ဒေသမုတ်သုံ သစ်တောအတွင်းရှိ မြစ်များတွင် လှည့်လည် သွားလာနေစဉ် ပင်လယ်ဓါးပြ ၈ ဦး၏ တိုက်ခိုက်ခြင်း ခံခဲ့ရကြောင်း Iquitos မြို့ ရဲချုပ် Julio Mercado က ပြောကြားခဲ့သည်။
Mercado က ပင်လယ် ဓါးပြများသည် သစ်တောများ အလယ် မြစ်ကြောင်းသို့ ဇိမ်ခံသင်္ဘော ရောက်ရှိနေစဉ် ဒေသစံတော်ချိန် နံနက် ၃ နာရီ၌ အမှောင်ကို အားပြု၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
၎င်းက ပင်လယ်ဓါးပြများသည် လက်နက်ကြီးများ ကိုင်ဆောင်ထားပြီး သင်္ဘောအား အလျင်အမြန် စီးနင်းနိုင်ခဲ့ကြောင်း၊ Delfin Amazon Cruises ကုမ္ပဏီမှ ပိုင်ဆိုင်သည့် ယင်းသင်္ဘောသည် ပင်လယ်ဓါးပြများ ၏ ထိန်းချုပ်မှုအောက်သို့ မိနစ် ၃၀ ခန့် ကျရောက်ခဲ့ပြီး ၎င်းတို့သည် ခရီးသည်များ၏ တန်ဖိုးကြီး ပစ္စည်းများ အပါအဝင် ငွေသား အမေရိကန် ဒေါ်လာ ၂၀,၀၀၀ ခန့်ကို လုယူသွားခဲ့ကြောင်း ဆက်လက် ပြောကြားခဲ့သည်။
သင်္ဘော ကပ္ပတိန် ဖြစ်သည့် အသက် ၆၅ နှစ်အရွယ် Wilson Monge သည် ပင်လယ်ဓါးပြများအား ပြန်လည် ခုခံခဲ့၍ သေနတ်ဒင်ဖြင့် ထုနှက်ခံခဲ့ရပြီး ဦးခေါင်းတွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
အဆိုပါ ပီရူးနိုင်ငံ အမေဇုန် သစ်တောအတွင်းရှိ မြစ်ကြောင်းများ အတွင်း သွားလာနေသည့် ဇိမ်ခံ သင်္ဘောများအား အခါအားလျော်စွာ ဓါးပြတိုက်ခြင်းများ ရှိနေကြောင်း သိရသည်။
သို့သော် Iquitos မြို့ ဆိပ်ကမ်း ဒါရိုက်တာ Oscar Garrido Lecca က ဓါးပြတိုက်မှုများသည် အထူးသဖြင့် သင်္ဘောကြီးများထက် သင်္ဘောငယ်များကို ပိုမိုဦးတည် တတ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.