Politics, Law & Military
တရုတ် နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် နှင့် ကာဇက်စတန် သမ္မတ တွေ့ဆုံဆွေးနွေးခဲ့ပြီး ၈ ကြိမ်မြောက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ကော်မတီ အစည်းအဝေး ကျင်းပ
အက်စတာနာ ၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ)
တရုတ် နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် ကျန်ကောလိ သည် ဧပြီလ ၁၈ ရက်နေ့တွင် အက်စတာနာ မြို့တွင် ကာဇက်စတန် နိုင်ငံ သမ္မတ Nazarbayev နှင့် ဝန်ကြီးချုပ် Sagintayev တို့နှင့် တွေ့ဆုံ ခဲ့ပြီး ကာဇက်စတန် နိုင်ငံ ပထမ ဒုတိယ ဝန်ကြီးချုပ် Mamin နှင့် အတူတကွ ၈ ကြိမ်မြောက် တရုတ်-ကာဇက်စတန် ပူးပေါင်းဆောင်ရွက်မှု ကော်မတီ အစည်းအဝေး ကို ဦးဆောင် ကျင်းပ ခဲ့သည်။
ကာဇက်စတန် နိုင်ငံ သမ္မတ နှင့် တွေ့ဆုံစဉ်တွင် ကျန်ကောလိ က ယခု နှစ်သည် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး တည်ထောင်ခဲ့သည့် ၂၅ ပြည့်နှစ်ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ တွင် ခိုင်မာသည့် နိုင်ငံရေး အပြန်အလှန် ယုံကြည်မှု နှင့် လက်တွေ့ပူးပေါင်းဆောင်ရွက်မှု တွန်းအားပေးခြင်း တို့ရှိသည့် အတွက် ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း ဖြစ်ခဲ့ပြီး ဖြစ်ကြောင်း ၊ ယခု လာရောက်ခြင်း၏ အဓိက ရည်ရွယ်ချက်မှာ နှစ်နိုင်ငံ ခေါင်းဆောင်အကြား ရရှိပြီးဖြစ်သည့် သဘောတူညီမှုများကို တွန်းအားပေး အကောင်အထည် ဖော်ရန် ဖြစ်ကြောင်း ၊ နှစ်နိုင်ငံခေါင်းဆောင်တို့ ကိုယ်တိုင် ဂရုစိုက်မှု နှင့် တွန်းအားပေး ဆောင်ရွက်မှု တို့ကြောင့် တရုတ်-ကာဇက်စတန် တို့မှ အတူတကွ တည်ဆောက် နေသည့် ခေတ်သစ်ပိုးလမ်းမကြီး ဆိုင်ရာ တည်ဆောက်မှု ပိုင်းတွင် အောင်မြင်မှု များစွာ ရရှိခဲ့ကြောင်း ၊ ဆက်လက်၍ နှစ်နိုင်ငံ ခေါင်းဆောင် တို့၏ အစီအစဉ် အရ နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ ချိတ်ဆက်မှုကို မြှင့်တင်ပြီး နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ကာ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့သွားမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ကာဇက်စတန် သမ္မတ အား မေလပိုင်းတွင် တရုတ် နိုင်ငံ သို့ ခေတ်သစ်ပိုးလမ်းမကြီး အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ထိပ်သီး အစည်းအဝေး ကိုတက်ရောက်ရန် ဖိတ်ခေါ်ကြောင်း ပြောကြား ခဲ့သည်။
တရုတ် နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် ကျန်ကောလိ နှင့် ကာဇက်စတန် နိုင်ငံ ဝန်ကြီးချုပ် Sagintayev တွေ့ဆုံ ခဲ့စဉ်(ဆင်ဟွာ)
တရုတ် နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် ကျန်ကောလိ နှင့် ကာဇက်စတန် နိုင်ငံ ပထမ ဒုတိယ ဝန်ကြီးချုပ် Mamin တွေ့ဆုံ ခဲ့စဉ်(ဆင်ဟွာ)
ကာဇက်စတန် နိုင်ငံ သမ္မတ Nazarbayev က လက်ရှိချိန်သည် သမိုင်းတစ်လျှောက် ၏ နှစ်နိုင်ငံ ဆက်ဆံရေး အကောင်းဆုံးသော အဆင့်သို့ရောက်ရှိနေပြီး ဘက်စုံမဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေး၏ စံနမူနာ လည်းဖြစ်ကြောင်း ၊ ကာဇက်စတန် မှ ယခု နှစ်ပိုင်းတွင် ရရှိခဲ့သည့် တိုးတက်ဖွံ့ဖြိုးမှု တို့မှာ တရုတ် နိုင်ငံ ၏ အင်အားကြီးမားသည့် ထောက်ခံမှု နှင့်ခွဲခွာ၍ မရကြောင်း ၊ ကာဇက်စတန် နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ မှ ဆောင်ရွက်သည့် ပြည်တွင်း/ပြည်ပ မူဝါဒများနှင့် ပတ်သက်၍ ခိုင်မြဲစွာ ထောက်ခံပြီး ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှုကို လုံးဝ ထောက်ခံကြောင်း ၊ ခေတ်သစ်ပိုးလမ်းမကြီး အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ထိပ်သီး အစည်းအဝေး ကို တက်ရောက်သွားမည် ဖြစ်ပြီး တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် နှစ်နိုင်ငံ မဟာဗျူဟာ ချိတ်ဆက်မှု နှင့် ပတ်သက်၍ ဆွေးနွေးသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
ကာဇက်စတန် နိုင်ငံ ဝန်ကြီးချုပ် Sagintayev နှင့် တွေ့ဆုံစဉ်တွင် ကျန်ကောလိ က တရုတ်- ကာဇက်စတန် နှစ်နိုင်ငံ နိုင်ငံရေး အပြန်အလှန် ယုံကြည်မှု အဆင့်အတန်း အလွန်မြင့်မားကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် ကုန်ထုတ်လုပ်မှု နှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ တွေ့ဆုံဆွေးနွေးမှု ယန္တရားကို ကောင်းမွန်စွာ အသုံးပြုပြီး ပူးပေါင်းဆောင်ရွက်မှု ကို တွန်အားပေး သွားမည် ဖြစ်ကြောင်း ၊ ငွေကြေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နှင့် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု ကို မြှင့်တင် သွားရမည် ဖြစ်ကြောင်း ၊ စွမ်းအင်ပူးပေါင်းဆောင်ရွက်မှု အပိုင်းကို တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်အောင် တွန်အားပေး ဆောင်ရွက်သွားပြီး တရုတ်-ကာဇက်စတန် ရေနံ နှင့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း ကို အတူတကွ ကောင်းမွန်စွာ လုပ်ကိုင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
ကာဇက်စတန် နိုင်ငံ ဝန်ကြီးချုပ် Sagintayev က ကာဇက်စတန် အနေဖြင့် တရုတ် နိုင်ငံ နှင့် ဆက်ဆံရေး ကို လွန်စွာ အလေးထားပြီး နှစ်နိုင်ငံ ခေါင်းဆောင်တို့အကြား အနီးကပ် ဆက်ဆံရေး ထားရှိခြင်းသည် ဤ နှစ်ဘက်အဆင့်မြင့် ဆက်ဆံရေး ကို ပေါ်လွင်စေကြောင်း ၊ ကာဇက်စတန်-တရုတ် ပူးပေါင်းဆောင်ရွက်မှု ကော်မတီ အနေဖြင့် လည်း နှစ်နိုင်ငံခေါင်းဆောင်အကြား ရရှိခဲ့သည့် သဘောတူညီမှု များကို ကောင်းမွန်စွာ အကောင်အထည် ဖော်နိုင်ခဲ့ကြောင်း ၊ ပူးပေါင်းဆောင်ရွက်မှု များ အဆက်မပြတ် တိုးမြှင့်သွားပြီး ၂၀၂၀ ခုနှစ်တွင် နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏ အမေရိကန် ဒေါ်လာ ၄၀ ဘီလီယံ ရောက်ရှိရန် ရည်မှန်းချက်ကို အကောင်အထည် ဖော်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
ထို့ပြင် တရုတ် နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် ကျန်ကောလိ သည် ကာဇက်စတန် နိုင်ငံ ပထမ ဒုတိယ ဝန်ကြီးချုပ် Mamin နှင့် အတူတကွ တရုတ်-ကာဇက်စတန် ပူးပေါင်းဆောင်ရွက်မှု ကော်မတီ ၈ ကြိမ်မြောက် အစည်းအဝေး ကို ဦးဆောင် ပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံ ကဏ္ဍအသီးသီး ပူးပေါင်းဆောင်ရွက်မှု နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။(Xinhua)