Politics, Law & Military
နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံရာ၌ လူပုဂ္ဂိုလ်လုံခြုံရေးနှင့် နေရာလုံခြုံရေးပေးရန် စီမံဆောင်ရွက်ထားဟုဆို
ရန်ကုန်၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ)
ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံရာ၌ လုံခြုံရေးအနေဖြင့် လူပုဂ္ဂိုလ်လုံခြုံရေးနှင့် နေရာလုံခြုံရေး နှစ်မျိုးပေးရန် စီမံဆောင်ရွက်ထားကြောင်း အမှတ်(၁)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ၏ တပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီးစောဇေယျာလင်းက ပြောကြားသည်။
“နှစ်နိုင်ငံဝင်ထွက်ပေါက်ကနေ ပြန်လာမယ့်သူတွေ စတင် ဝင်ရောက်လာမယ့်အချိန်ကနေစပြီး ယာယီ ပို့ဆောင်မယ့်နေရာအထိ မသွားခင်စပ်ကြားမှာ လုံခြုံရေး ဆောင်ရွက်ပေးဖို့ စီမံထားပါတယ်။ လုံခြုံရေးအနေနဲ့ လူပုဂ္ဂိုလ်လုံခြုံရေးနဲ့ နေရာလုံခြုံရေးဆိုပြီး နှစ်မျိုး စီမံဆောင်ရွက်ထားပါတယ်။ လူပုဂ္ဂိုလ်အနေနဲ့ ပြန်လည် လက်ခံရေးလုပ်ငန်းစဉ်မှာ ဆောင်ရွက်ကြမယ့် ဝန်ထမ်းတွေ အားလုံးရဲ့ လုံခြုံရေးနဲ့ ပြန်လည်ဝင်ရောက်လာမယ့် လူတွေရဲ့ လုံခြုံရေးကို ဆောင်ရွက်ဖို့အတွက် စီမံချက် ရေးဆွဲပြီး ဆောင်ရွက်ထားပါတယ်”၎င်းက ဆိုသည်။
မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ သဘောတူညီချက်အရ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်သည် ဇန်နဝါရီ ၂၃ ရက်မှစတင်၍ အသင့်အနေအထားအဖြစ် ရှိနေပြီဖြစ်ပြီး မြန်မာဘက်၌ ကုန်းလမ်းမှ ပြန်လည်ဝင်ရောက်လာမည့်သူများအတွက် တောင်ပြိုလက်ဝဲ ယာယီလက်ခံရေးစခန်းကိုလည်းကောင်း၊ ရေလမ်းမှပြန်လည်ဝင်ရောက်လာမည့်သူများအတွက် ငါးခူရ ယာယီလက်ခံရေးစခန်းကိုလည်းကောင်း၊ ကြားစခန်းအဖြစ် လှဖိုးခေါင်စခန်းတို့ကို အသုံးပြု၍ စနစ်တကျ လက်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။(Xinhua)