Africa & Middle East
အီရတ် မြောက်ပိုင်းတွင် PKK စစ်သွေးကြွ ၁၈ဦးထက်မနည်းကို တူရကီ ရှင်းလင်း
အန်ကာရာ၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)
တူရကီနိုင်ငံ လေတပ် တပ်ဖွဲ့သည် ယခု အားလပ်ရက်အတွင်း အီရတ်နိုင်ငံ မြောက်ပိုင်း ရှိ ကာ့ဒ်အလုပ်သမားများ ပါတီ (PKK) မှ စစ်သွေးကြွ ၁၈ဦးထက်မနည်းကို ရှင်းလင်းခဲ့ကြောင်း စစ်တပ်၏ ထုတ်ပြန်ချက်အရ သိရသည်။
တူရကီစစ်ဦးစီးချုပ် က အီရတ်နိုင်ငံ မြောက်ပိုင်း Hakurk နှင့် Zap ဒေသများ တွင် စက်တင်ဘာ၂၉ ရက် က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး အနည်းဆုံး PKK စစ်သွေးကြွ ၄ဦး၊ ၎င်းတို့နေထိုင်ရာနေရာများ နှင့် လက်နက်တိုက်များကို ဖျက်ဆီးနိုင်ခဲ့ကြောင်း စက်တင်ဘာ ၃၀ ရက်တွင် ၎င်း၏တွစ်တာစာမျက်နှာပေါ်၌ ရေးသားခဲ့သည်။
အဆိုပါနေ့အစောပိုင်းတွင် တူရကီစစ်တပ်က အီရတ်နိုင်ငံ မြောက်ပိုင်းတွင် ပြုလုပ်ခဲ့သော လေကြောင်း စစ်ဆင်မှုများ အတွင်း အနည်းဆုံး PKK စစ်သွေးကြွ ၁၄ ဦးကို ရှင်းလင်းနိုင်ခဲ့ကြောင်း သီးခြားထုတ်ပြန်ချက် ၂ခု၌ ဖော်ပြခဲ့သည်။
တူရကီနိုင်ငံ၊ အမေရိကန်နိုင်ငံ နှင့် ဥရောပသမဂ္ဂတို့က အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသော PKK အဖွဲ့ သည် ၁၉၇၀ပြည့်လွန်နှစ်များမှစ၍ လက်နက်ကိုင် တော်လှန်မှုဖြင့် လွတ်လပ်သော ကာ့ဒ်နိုင်ငံတော်ထူထောင်ရန် ကြိုးစားခဲ့ကြကြောင်း သိရသည်။ (Xinhua)