Politics, Law & Military
ဥပဒေပြင်ရေး ပူးပေါင်းကော်မတီကို လွှတ်တော် နှစ်ရပ်မှ အမတ်ဦးရေ တူညီစွာဖြင့် ဖွဲ ့မည်
နေပြည်တော်၊ ဖေဖော်ဝါရီ ၆ ရက်(ဆင်ဟွာ)
၂၀၀၈ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီကို လွှတ်တော် နှစ်ရပ်မှ အမတ်ဦးရေ တူညီစွာဖြင့် ဖွဲ ့စည်းသွားမည်ဟု ပြည်ထောင်စု လွှတ်တော် နာယက ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။
“ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ၂၀၀၈ ခုနှစ် ပြင်ဆင်ရေး ပူးပေါင်း ကော်မတီတစ်ရပ်ကို ပြည်သူ့ လွှတ်တော် နှင့် အမျိုးသား လွှတ်တော်တို့ မှ ကိုယ်စားလှယ် ဦးရေ တူညီမျှတစွာ သင့်လျော်သော အရေအတွက်ဖြင့် ဖွဲ့စည်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်၊ အဆိုပါ ပူးပေါင်း ကော်မတီရဲ့ ဥက္ကဋ္ဌ အဖြစ် ပြည်ထောင်စု လွှတ်တော် ဒုတိယ နာယကကို တာဝန်ပေးအပ်သွားမှာ ဖြစ်ပြီး လွှတ်တော် အတွင်းရှိ နိုင်ငံရေး ပါတီ အသီးသီးနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့တို့ မှ ကိုယ်စားလှယ်အရေအတွက် အချိုးကျ ပါဝင် ဖွဲ့စည်းသွားမှာ ဖြစ်ပါတယ်” ဟု လွှတ်တော် နာယက ဦးတီခွန်မြတ်က ပြောခဲ့သည်။
ပြည်ထောင်စု လွှတ်တော် ဒုတိယ နာယက ဦးထွန်းထွန်းဟိန်က ရှင်းလင်း တင်ပြစဉ်။
နာယကအနေဖြင့် နိုင်ငံရေး ပါတီ အသီးင်္သီးနှင့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် အစု အဖွဲ့မှ ကိုယ်စားပြု တာဝန်ခံ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များကို သင့်လျော်သည့် နေ့ရက်တွင် ဖိတ်ခေါ် ဆွေးနွေး ညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ တစ်သီး ပုဂ္ဂလ ကိုယ်စားလှယ်များ၏ ပါဝင်မှုကိုလည်း အဆိုပါ အစည်းအဝေးမှာ ညှိနှိုင်း သတ်မှတ်သွားဖို့ ဖြစ်ကြောင်း၊ ဖွဲ့စည်း ဆောင်ရွက်မည့် ပူးပေါင်း ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင်နှင့် သက်တမ်းတို့ကိုလည်း သတ်မှတ်ပေးသွားမည် ဖြစ်ကြောင်းလည်း နာယက ပြောကြားခဲ့သည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရန် ပူးပေါင်းကော်မတီ ဖွဲ့စည်းရေး အရေးကြီး အဆိုအား ယမန်နေ့ လွှတ်တော် အစည်းအဝေး၌ ဆွေးနွေးခဲ့ကြပြီး ယနေ့ အစည်းအဝေးတွင် လွှတ်တော်၏ သဘောထားကို ဆန္ဒမဲဖြင့် ဆုံးဖြတ်ခဲ့ကြရာ ထောက်ခံမဲ ၄၁၄ မဲ၊ ကန့်ကွက်မဲ ၁၉၁ မဲ၊ ကြားနေ ၆ မဲတို့ဖြင့် ပြည်ထောင်စု လွှတ်တော်က အဆိုကို အတည်ပြုခဲ့ပြီးနောက် ပြည်ထောင်စု လွှတ်တော် နာယကက အဆိုပါ ပူးပေါင်း ကော်မတီ ဖွဲ့စည်းရေးနှင့် ပတ်သက်ပြီး ဆောင်ရွက်သွားမည့် အစီအစဉ်ကို ယခုကဲ့သို့ ရှင်းလင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။(Xinhua)