Connect with us

International Organizations

မဟာဗျူဟာအရန်သိုလှောင်ထားသည့် ရေနံများအား တစ်ဆင့်တိုး ထုတ်ပေးနိုင်ခြေရှိဟု IEA အမှုဆောင်ဒါရိုက်တာ ဆို

ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ ဆီဆိုင်တွင် ဆီဖြည့်ရန် တန်းစီနေသော ကားများကို ၂၀၂၆ ခုနှစ် မတ် ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တိုရွန်တို၊ မေ ၈ ရက် (ဆင်ဟွာ)
ကမ္ဘာ့စွမ်းအင်ဈေးကွက်က လှုပ်ခတ်သည့်ကာလသို့ ဝင်ရောက်နေပြီဖြစ်ရာ ထောက်ပံ့ရေးပြတ်တောက်မှု ဆက်လက်ဖြစ်ပွားနေမည်ဆိုပါက အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ (IEA) အနေဖြင့် မဟာဗျူဟာ အရန်သိုလှောင်ထားသည့် ရေနံများအား တစ်ဆင့်တိုး ထုတ်ပေးမည်ဖြစ်ကြောင်း IEA အမှုဆောင်ဒါရိုက်တာ Fatih Birol က မေ ၇ ရက်တွင် ပြောကြားခဲ့သည်။
“ဈေးကွက်ရဲ့ သော့ချက်စကားလုံးက ‘လှုပ်ခတ်မှု’ ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ရေနံဘေးကင်းလုံခြုံမှုဟာ အဓိကအကြောင်းအရာ ဖြစ်နေဆဲပါပဲ” ဟု Fatih Birol က ထိုနေ့တွင် ကနေဒါစီးပွားရေး တိုးတက်မှုနှင့်စပ်လျဉ်းသည့် အစည်းအဝေးတစ်ခု တက်ရောက်စဉ် ပြောကြားခဲ့သည်။
Fatih Birol က အရှေ့အလယ်ပိုင်းစစ်ပွဲအခြေအနေ ရှည်ကြာနေခြင်းကြောင့် နေ့စဉ် ရေနံစည်ပေါင်း သန်းနှင့်ချီ ပံ့ပိုးမှု ပြတ်တောက်နေကာ စွမ်းအင်ဈေးကွက်သည် အခက်ခဲဆုံးကာလသို့ ဝင်ရောက်နေပြီဖြစ်ကြောင်း၊ စစ်ပွဲပြီးဆုံးသွားသည့်တိုင် ပံ့ပိုးမှု ပြန်လည်ဖော်ဆောင်ရေးသည်လည်း နှေးကွေးနိုင်ကြောင်း၊ ပံ့ပိုးမှု ပြတ်တောက်သည့် အခြေအနေ တိုးတက်လာခြင်းမရှိပါက IEA အနေဖြင့် ပိုမိုများပြားသည့် မဟာဗျူဟာ အရန်သိုလှောင်ထားသည့် ရေနံများ ထုတ်ပေးရန် ပြင်ဆင်ထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကနေဒါနိုင်ငံသို့ ခရီးစဉ်သွားရောက်သည့်ကာလအတွင်း Fatih Birol သည် ကနေဒါနိုင်ငံ ဝန်ကြီးချုပ် မာ့ခ်ကာနီနှင့် အခြားအစိုးရအရာရှိများနှင့် တွေ့ဆုံ၍ စွမ်းအင်အကျပ်အတည်းအား ကိုင်တွယ်စီမံရန် ဆွေးနွေးခဲ့ရာ ဟော်မုဇ်ရေလက်ကြား “တားဆီးပိတ်ဆို့မှု” ကြောင့်ဖြစ်ပေါ်လာသည့် သက်ရောက်မှုများကို အဓိကထားဆွေးနွေးခဲ့သည်။
အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် တစ်ကမ္ဘာလုံး ရေနံပံ့ပိုးမှုလျော့နည်းလာသော အခြေအနေအား ကိုင်တွယ်စီမံရန်အတွက် အဖွဲ့ဝင်နိုင်ငံ ၃၂ နိုင်ငံက မဟာဗျူဟာအရန်သိုလှောင်ထားသည့် ရေနံစည် သန်း ၄၀၀ ကို ထုတ်ပေးရန် သဘောတူညီကြောင်း IEA သည် မတ် ၁၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ယင်းသည် IEA က ယနေ့တိုင် ညှိနှိုင်းလုပ်ဆောင်ပေးသည့် ပမာဏအကြီးမားဆုံး မဟာဗျူဟာအရန်သိုလှောင်ထားသည့်ရေနံ ထုတ်ပေးမှုဖြစ်ကြောင်း သိရသည်။ (Xinhua)

——————
(Chinese Version)
国际能源署署长说可能进一步释放战略石油储备
新华社多伦多5月7日电(记者林威)国际能源署署长法提赫·比罗尔7日说,全球能源市场已进入波动期,若供应中断持续,国际能源署将进一步释放战略石油储备。
比罗尔当天在出席一场关于加拿大经济增长的会议时说:“市场的关键词是‘波动’。因此,石油安全仍将是一个核心议题。”
比罗尔说,由于中东战事延宕导致每天数百万桶石油供应中断,能源市场正进入“深水区”。即便战事结束,供应恢复也可能缓慢。如果供应中断情况得不到缓解,国际能源署已准备好投放更多战略石油储备。
访问加拿大期间,比罗尔在渥太华与加拿大总理马克·卡尼及其他政府官员会面,商讨应对能源危机,重点讨论了霍尔木兹海峡“梗阻”带来的影响。
国际能源署3月11日宣布,32个成员国一致同意释放4亿桶战略石油储备,以应对中东战事导致全球石油供应紧张的局面。这是国际能源署迄今协调规模最大的一次石油储备释放。(完)
图说:3月9日,车辆在法国巴黎的加油站排队加油。新华社记者 邬惠我 摄