Connect with us

Politics, Law & Military

ငြိမ်းချမ်းရေး နှင့် မသက်ဆိုင်သော ကိစ္စများ ဆွဲသွင်းမလာရန် ဒု ကာချုပ် ပြော

ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး သီရိပျံချီ စိုးဝင်း တပ်မတော်စစ်ကြောင်းများအား လှည့်လည်စစ်ဆေးစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မတ်လ ၂၇ ရက်(ဆင်ဟွာ)

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် မသက်ဆိုင် သည့် ကိစ္စများကို ဆွဲသွင်းလာခြင်းများ မပြုလုပ်ကြဖို့ လိုအပ်ကြောင်း ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး သီရိပျံချီ စိုးဝင်းက ယနေ့ကျင်းပသည့် ၇၄ ကြိမ်မြောက် တပ်မတော်နေ့ အခမ်းအနားတွင် ပြောကြားခဲ့သည်။

“တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အနေနဲ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆောင်ရွက် နေတဲ့ ကာလမှာ နားလည်မှု လွဲမှားစေနိုင်တဲ့ ကိစ္စတွေကို ရှေ့တန်းတင် တောင်းဆိုလာတာတွေ မပြုလုပ်ဖို့ လိုတယ်” ဟုလည်း ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြောခဲ့သည်။

တပ်မတော် စစ်ကြောင်းများ စစ်ရေးပြကွင်းသို့ ချီတက်လာစဉ် (ဆင်ဟွာ)

တပ်မတော် စစ်ကြောင်းများ စစ်ရေးပြကွင်းသို့ ချီတက်လာစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရှမ်းစုရပ်ရှိ စစ်ရေးပြ ကွင်းတွင် ယနေ့နံနက်ကျင်းပသည့် (၇၄)ကြိမ်မြောက် တပ်မတော်နေ့ အခမ်းအနား၌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာ သရေစည်သူ မင်းအောင်လှိုင် ကိုယ်စား ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး (NCA) မူဘောင်နှင့် အညီ တွေ့ဆုံညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်ပြီး ဒီမိုကရေစီ လမ်းကြောင်းအတိုင်း မှန်မှန်ကန်ကန် လျှောက်လှမ်းရန် လိုအပ်ကြောင်းလည်း ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ပြောခဲ့သည်။

ထို့အပြင် တပ်လှုပ်ရှားမှု ရပ်ဆိုင်းထားသည့် ကာလအတွင်း စစ်ဆင်ရေး နယ်မြေအလိုက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အနေဖြင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး အပါအဝင် ငြိမ်းချမ်းရေးဆိုင်ရာ ညှိနှိုင်း ဆွေးနွေးခြင်းများကို အမြန်ဆုံး ပြုလုပ်သွားဖို့ လိုအပ်ကြောင်း၊ ယခု နိုင်ငံတော်က သွားနေသည့် ငြိမ်းချမ်းရေး လမ်းကြောင်းသည် တဒင်္ဂ ငြိမ်းချမ်းရေး ရရုံမဟုတ်ဘဲ ထာဝရ ငြိမ်းချမ်းရေး ရဖို့ စနစ်တကျ ဦးတည်လျှောက်လှမ်းနေခြင်း ဖြစ်သောကြောင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက စိတ်ရင်း စေတနာမှန်ဖြင့် ပူးပေါင်း ပါဝင်ဖို့ လိုအပ်ကြောင်း၊ အတိတ်ကို လက်ညှိုး ထိုးပြီး ပြောနေမည့်အစား သင်ခန်းစာ ရယူပြီး ပြည်ထောင်စုသားအားလုံး သွေးစည်း ညီညွတ်စွာဖြင့်မိမိတိုင်းပြည် တိုးတက်ရာ တိုးတက်ကြောင်း ဆောင်ရွက်မှုကသာ အကျိုး ရှိနိုင်ကြောင်း၊ မိမိတို့တပ်မတော်သည် အနာဂတ်ကာလတွင်လည်း ဒီမိုကရေစီ နှင့် ဖက်ဒရယ် စနစ်ကို အခြေခံသော ပြည်ထောင်စု တည်ဆောက်ရာတွင် အမျိုးသားနိုင်ငံရေး တာဝန်များကို ကျရာ အခန်းကဏ္ဍမှ ဦးလည် မသုန်ဘဲ ဆက်လက် ပါဝင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ဒုတိယ ဗိုလ်ချုပ်မှူးကြီးက ပြောကြားခဲ့သည်။

စစ်သည်ဦးရေ ၁၁,၄၃၈ ဦး ပါဝင်ချီတက်သည့် အဆိုပါ (၇၄) ကြိမ်မြောက် တပ်မတော်နေ့ အခမ်း အနားသို့ နိုင်ငံတော် အကြီးအကဲနှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့မတက်ရောက်ခဲ့သော် လည်း ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ စစ်ဘက် အရပ်ဘက် အရာရှိကြီးများ၊ နိုင်ငံခြား သံရုံးများမှ စစ်သံမှူးများ တက်ရောက်ခဲ့ကြသည်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာ သရေစည်သူ မင်းအောင်လှိုင် သည် ယမန်နေ့ ရုံးဆင်း ချိန်တွင် ခြေထောက် ခိုက်မိပြီး ကြာရှည် မတ်တပ်မရပ်နိုင်သဖြင့် ယနေ့အခမ်းအနားသို့ မတက် ရောက်နိုင်ခြင်းဖြစ်သည်ဟု တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက မီဒီယာများကို ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.