Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် AA လက်နက်ကိုင်အဖွဲ့တို့ ထိတွေ့မှုဖြစ်ပွားပြီး နှစ်ဘက် အကျအရှုံးရှိဟု တပ်မတော်ထုတ်ပြန်

ရခိုင်ပြည်နယ်တွင်း ထိတွေ့မှုဖြစ်ပွားပြီး ပျက်စီးခဲ့သော အဆောက်အအုံအားတွေ့ရစဉ်(ဓာတ်ပုံ- ရဲဇာနည်)

ရန်ကုန်၊ မတ် ၂၇ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် AA လက်နက်ကိုင်အဖွဲ့တို့ ထိတွေ့မှုဖြစ်ပွားပြီး နှစ်ဘက် အကျအရှုံးရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရသေ့တောင်မြို့နယ်၊ ရေစိုးချောင်းကျေးရွာနှင့် အနီးပတ်ဝန်းကျင် လုံခြုံရေး ဆောင်ရွက်လျက်ရှိသော တပ်မတော်စစ်ကြောင်းနှင့် ကျောက်တော်မြို့နယ် ကျီးရာပြင် ကျေးရွာအနီး မြောက်ဦး-ကျောက်တော် လမ်းလုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းတို့အား AA လက်နက်ကိုင်အဖွဲ့က မတ် ၂၅ နှင့် ၂၆ ရက်တို့တွင် လက်နက်ကြီး/ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်ဘက်မှ စစ်သည်အချို့ ကျဆုံးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး AA လက်နက်ကိုင်အဖွဲ့ထံမှ အလောင်းများနှင့် လက်နက်ငယ်မျိုးစုံ (၃)လက်အပါအဝင် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

တပ်မတော်လုံခြုံရေးစစ်ကြောင်းသည် မတ် ၂၅ ရက် နံနက်ပိုင်းတွင် ရေစိုး ချောင်းကျေးရွာ အနောက်တောင်ဘက် ငစံဘော်ချောင်း၏ အရှေ့ဘက်ကမ်းသို့ ရောက်ရှိစဉ် ငစံဘော်ချောင်းတစ်ဖက်ကမ်း ဓနိတောမှ AA အဖွဲ့မှ ၁၀ ဦး ခန့်က စတင်ပစ်ခတ်ခဲ့ပြီး ၁၀ မိနစ်ခန့်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားကာ AA အဖွဲ့သည် အနောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားသဖြင့် တပ်မတော်စစ်ကြောင်းများက လုံခြုံ ရေးနှင့် စစ်ဆင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရှိ ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မတ် ၂၆ ရက် နံနက်ပိုင်းတွင် ကျောက်တော်မြို့နယ်၊ ကျီးရာပြင်ကျေးရွာအနီး မြောက်ဦး-ကျောက်တော် လမ်းလုံခြုံရေး ဆောင်ရွက်လျက်ရှိသည့် တပ်မတော်စစ်ကြောင်းအား AA အဖွဲ့အင်အား ၁၅၀ ခန့်က လက်နက်ကြီး/လက်နက်ငယ်များဖြင့် ၂ ကြိမ်လာ ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တပ်မတော် စစ်ကြောင်းများက ဖြစ်စဉ်ဖြစ်ပွားရာနှင့် အနီး ပတ်ဝန်းကျင်အား လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)