WORLD
နယူးဇီလန် နိုင်ငံ တွင် COVID-19 ရောဂါ ထပ်မံကူးစက်ခံရသူ လူနာအသစ်၃၉ ဦးရှိကြောင်း အတည်ပြု
ဝယ်လ်လင်တန်၊ ဧပြီ ၆ ရက် (ဆင်ဟွာ)
နယူးဇီလန်နိုင်ငံ၌ ဧပြီ ၆ ရက်တွင် COVID-19 ရောဂါ ထပ်မံကူးစက်ခံရသူ အတည်ပြုလူနာ ၃၉ ဦး နှင့် စောင့်ကြည့်သံသယ လူနာ ၂၈ ဦးရှိခဲ့ရာ ယခုအခါ နိုင်ငံတစ်ဝှမ်းတွင် COVID-19 ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၁,၁၀၆ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း သတင်း ထုတ်ပြန်ခဲ့သည်။
နယူးဇီလန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် Ashley Bloomfield က Covid-19 ကြောင့် ထပ်မံသေဆုံးသူများ မရှိကြောင်းနှင့် ရောဂါသက်သာပျောက်ကင်းသွားသူ ၁၇၆ ဦး ရှိကြောင်း သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။
ဆေးရုံတက်ရောက်ကုသမှု ခံယူနေသည့် လူနာ ၁၅ဦးရှိပြီး ယင်းတို့အနက် ၃ ဦးမှာ အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံရယူလျက်ရှိကြောင်း နှင့် အခြားလူနာတစ်ဦးမှာ စိုးရိမ်စရာ အခြေအနေတွင် ရှိနေကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
နယူးဇီလန် နိုင်ငံတွင် တစ်နိုင်ငံလုံး ခရီးသွားလာခြင်း လေးပတ်ကြာ ပိတ်ပင်မှုကို မတ် ၂၆ ရက်တွင် စတင် ပြုလုပ်ခဲ့ပြီး နိုင်ငံတော် အရေးပေါ်အခြေအနေ ထုတ်ပြန်မှုကိုလည်း နောက်ထပ် ၇ ရက် တရားဝင် ထပ်မံတိုးမြှင့် သတ်မှတ်လိုက်ကြောင်း သိရသည်။
အသွားအလာကန့်သတ်မှုဆောင်ရွက်နေစဉ်ကာလအတွင်း မည်သူမဆို စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြသနာများ ကြုံတွေ့ရပါက အစိုးရ၏ hotline ဖုန်းနံပတ်သို့ ဆက်သွယ်၍ နှစ်သိမ့်ဆွေးနွေးမှု ခံယူရန် Bloomfield က အကြံပြုထားသည်။(Xinhua)