Connect with us

WORLD

အီတလီနိုင်ငံတွင် မေ ၄ ရက်မှစ၍ လုပ်ငန်းများ ပြန်လည်လည်ပတ်မည်ဟု ဆို

အီတလီနိုင်ငံ ရောမမြို့၏ မြင်ကွင်းများအား ဧပြီ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရောမ၊ ဧပြီ ၂၇ ရက်(ဆင်ဟွာ)

အီတလီနိုင်ငံတွင် မေ ၄ ရက်မှစ၍ လုပ်ငန်းများပြန်လည်လည်ပတ်မည်ဖြစ်ကြောင်း အီတလီ ဝန်ကြီးချုပ် Giuseppe Conteက ဧပြီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။

မေ ၄ ရက်မှစ၍ ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းနှင့် လက်ကားဖြန့်ချိရေး လုပ်ငန်းများကို လည်းကောင်း၊ မေ ၁၈ ရက်မှစ၍ လက်လီရောင်းချရေးလုပ်ငန်း၊ ပြတိုက်၊ ပန်းချီပြခန်းနှင့် စာကြည့်တိုက်များကိုလည်းကောင်း၊ ဇွန် ၁ ရက်တွင် အရက်ဘား၊စားသောက်ဆိုင်၊ ဆံပင်ညှပ်ဆိုင်နှင့်အလှပြင်ဆိုင်များကို လည်းကောင်း ပြန်လည်လည်ပတ်မည်ဖြစ်ကြောင်း Giuseppe Conteက ရုပ်မြင်သံကြားမှတစ်ဆင့် ပြောကြားခဲ့သည်။ ပြန်လည်လည်ပတ်မည့် လုပ်ငန်းများ အားလုံးသည် ချမှတ်ထားသော တင်းကြပ်သည့်လုံခြုံရေးစည်းမျဉ်းစည်းကမ်းများကို အတိအကျလိုက်နာရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။

 အီတလီနိုင်ငံ ရောမမြို့၏ မြင်ကွင်းများအား ဧပြီ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

Giuseppe Conteက မေ ၄ ရက်မှစ၍ ဆွေမျိုးမိတ်ဆွေများအကြား သွားလာတွေ့ဆုံခွင့်ပြုမည်ဖြစ်သော်လည်း နှာခေါင်းစည်းများကို တပ်ဆင်ရမည်ဖြစ်ကြောင်းနှင့် ပန်းခြံများပြန်လည်ဖွင့်လှစ်၍ စျာပနအခမ်းအနားများကျင်းပခွင့်ပြုမည်ဖြစ်သော်လည်း  လူ ၁၅ ထက်မပိုရန်နှင့်လူမှုဘ၀တွင် ခပ်ခွာခွာနေရန် ပြောဆိုထားသည်။

စီးပွားရေးလုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းများအတွက် အပြည့်အဝ အားပေးထောက်ပံ့မှုများ ပြုကာ စီးပွားရေးတိုးတက်ရန် တွန်းအားပေးဆောင်ရွက်သွားမည်ဟု ၎င်းက ကတိပြုပြောဆိုထား သည်။ကပ်ရောဂါတိုက်ဖျက်ရေးနှင့် စီးပွားရေး ပြန်လည်လည်ပတ်မှု တစ်ချိန်တည်း ဆောင်ရွက်နေ သည့်ကာလတွင် လူလူချင်း အနည်းဆုံး တစ်မီတာအကွာတွင် နေရန် အလွန်အရေးကြီးကြောင်း ၊ သို့မဟုတ်ပါက ကပ်ရောဂါဂရက်လှိုင်းတန်ပြန်ရိုက်ခတ်နိုင်သလို ထိန်းမနိုင်သိမ်းမရဖြစ်ကာ သေဆုံးသူဦးရေတိုးလာပြီး စီးပွားရေးဆုံးရှူးနစ်နာမှုက ပြန်လည်အဖက်ဆယ် ရနိုင်မည် မဟုတ် ကြောင်း Giuseppe Conteက သတိပေးပြောဆိုထားသည်။

အီတလီနိုင်ငံ ရောမမြို့၏ မြင်ကွင်းများအား ဧပြီ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အီတလီနိုင်ငံရှိ စာသင်ကျောင်းများကို စက်တင်ဘာလတွင် ပြန်လည်ဖွင့်လှစ်သွားမည်ဟု အီတလီ ပညာရေးဝန်ကြီးဌာနက ဧပြီ ၂၆ ရက်တွင် ကြေညာခဲ့သည်။ မတ်လ ၁၀ ရက်တွင် တစ်နိုင်ငံလုံးအတိုင်းအတာအရ မြို့များပိတ်ထားပြီးနောက် အီတလီရှိစာသင်ကျောင်းများ ပိတ်ထား ခဲ့ရာ အွန်လိုင်းမှသာ သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။

အီတလီနိုင်ငံ ရောမမြို့၏ မြင်ကွင်းများအား ဧပြီ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အီတလီနိုင်ငံ ရောမမြို့၏ မြင်ကွင်းများအား ဧပြီ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အီတလီမြို့ပြကာကွယ်စောင့်ရှောက်ရေးဌာန၏ ဧပြီ ၂၆ ရက် ထုတ်ပြန်သည့် နောက်ဆုံးရ ကိန်းဂဏန်းများအရ ယင်းနေ့တွင် အသစ်ထပ်တိုးအတည်ပြုလူနာ ၂,၃၂၄ ဦးရှိပြီး စုစုပေါင်း အတည်ပြုလူနာ ၁၉၇,၆၇၅ဦး၊ အသစ်ထပ်တိုး ကုသပျောက်ကင်းသွားသူ ၁,၈၀၈ဦးရှိပြီး စုစုပေါင်း ရောဂါကုသပျောက်ကင်းသူ၆၄,၉၂၈ဦး၊ အသစ်ထပ်တိုးသေဆုံးသူ ၂၆၀ ဦးရှိပြီး စုစုပေါင်းသေဆုံးသူ ၂၆,၆၄၄ ဦး ရှိရာ ၎င်းမှာ မတ် ၁၅ ရက်မှစ၍ နေ့စဉ်သေဆုံးမှု၏ အနည်းဆုံးဖြစ်ကြောင်း သိရသည်။

လက်ရှိ အီတလီနိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားသူ ၁၀၆,၁၀၃ ဦး ရှိပြီး ၎င်းတို့အနက် အိမ်တွင် သီးခြားနေထိုင်၍ ကျန်းမာရေးအခြေအနေ စောင့်ကြည့်လျက်ရှိသူ ၈၂,၇၂၂ ဦး ၊ ဆေးရုံတွင် သာမန်ဆေးကုသမှုခံယူနေသူ ၂၁,၃၇၂ ဦး၊ အထူးကြပ်မတ်ကုသဆောင်တွင် ဆေးကုသမှုခံယူနေသူ ၂,၀၀၉ ဦး ရှိကြောင်း သိရသည်။ ဆေးရုံတွင် သာမန်ဆေးကုသမှုခံယူသူနှင့်ရောဂါပြင်းထန်သူ ဦးရေတွင် ပြီးခဲ့သောရက်ထက် ၁၆၁ ဦးနှင့် ၉၃ ဦး အသီးသီး လျော့နည်းလာခြင်းဖြစ်ကြောင်း သိရသည်။

အီတလီနိုင်ငံသည် ကပ်ရောဂါကို ရင်ဆိုင်ဖြေရှင်းရန် ဇန်နဝါရီ ၃၁ ရက်မှစ၍ ၆ လကြာ အရေးပေါ်အခြေအနေအဖြစ် ဆောင်ရွက်ခဲ့ကြောင်း  သိရသည်။ ရောဂါထပ်မံတစ်ဆင့်တိုး ပြန့်ပွားမှု ကို ကာကွယ်တားဆီးရန် မတ် ၁၀ ရက်တွင် တစ်နိုင်ငံလုံးအတိုင်းအတာအရ မြို့များ ပိတ်ဆို့ထား ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းပိတ်ဆို့ကာလကို နှစ်ကြိမ်တိုးမြှင့်ပြီးဖြစ်ရာ မေ ၃ ရက်အထိ အကျုံးဝင် မည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.