Connect with us

Europe

ဗီယင်နာ အကြမ်းဖက်တိုက်ခိုက်မှုတွင် တရားခံ၏ ဇစ်မြစ်ကို သိရှိရပြီဟု ဆို

ဩစတြီးယားနိုင်ငံ မြို့တော်ဗီယင်နာရှိ လမ်းများတွင် နိုဝင်ဘာ ၂ ရက် ညပိုင်းက ရှာဖွေစစ်ဆေးမှုများ ပြုနေသည်ကို တွေ့ရစဉ် (Photo by Georges Schneider/Xinhua)

ပေကျင်း၊ နိုဝင်ဘာ ၄ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့လယ်ခေါင်တွင် တစ်နေ့က ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှု၏ လက်သည်တရားခံသည် အသက် ၂၀ အရွယ် မြောက်မက်စီဒိုးနီးယားလူမျိုး အမျိုးသားတစ်ဦးဖြစ်ပြီး ၎င်းသည် ဆီးရီးယားသို့ သွားရောက်၍ IS အစွန်းရောက်အဖွဲ့တွင် ပါဝင်ရန် ကြိုးပမ်းမှုကြောင့် ပြစ်ဒဏ်ချမှတ်ခံရဖူးသူ တစ်ဦးဖြစ်ကြောင်း ဩစတြီးယား သက်ဆိုင်ရာအရာရှိများက နိုဝင်ဘာ ၃ ရက်တွင် ပြောကြားခဲ့သည်။

၎င်းနှင့်အတူ ပြစ်မှုကျူးလွန်သူများရှိနိုင်ရာ အင်အား တစ်ထောင်ကျော်နှင့် ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်လျက် ရှိကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။တရားခံသည် နိုဝင်ဘာ ၂ ရက် ညပိုင်းက ဗီယင်နာ မြို့လယ်ခေါင်တွင် ပြစ်မှုကျူးလွန်ခြင်းဖြစ်ပြီး ၎င်းအား ရဲတပ်ဖွဲ့က မိနစ်ပိုင်းအတွင်း အသေပစ်ခတ်ဖမ်းဆီးခဲ့ရာ ၎င်းနှင့်အတူ ဗုံးအတုဆင်ထားသည့်အင်္ကျီ၊ ရိုင်ဖယ်သေနတ်တစ်လက်၊ ပစ္စတိုတစ်လက်နှင့် ဓါးတစ်လက်တွေ့ရှိရကြောင်း ဗီယင်နာ ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ဩစတြီးယားနိုင်ငံ မြို့တော်ဗီယင်နာရှိ လမ်းများတွင် နိုဝင်ဘာ ၂ ရက် ညပိုင်းက ရှာဖွေစစ်ဆေးမှုများ ပြုနေသည်ကို တွေ့ရစဉ် (Photo by Georges Schneider/Xinhua) 

ရဲတပ်ဖွဲ့က လူနေအိမ် ၁၅ လုံးတွင် ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး လူအများအပြားကို ဖမ်းဆီးခဲ့ကြောင်း ဩစတြီးယား ပြည်ထဲရေးဝန်ကြီး Karl Nehammerက ဆိုသည်။ဗီယင်နာအနီး Saint Pöltenတွင်လည်း ပြစ်မှုကျူးလွန်သည်ဟု သံယရှိသူ နှစ်ဦးအား ဖမ်းဆီးခဲ့ကြောင်း ဩစတြီးယားနိုင်ငံ သတင်းများအရ သိရသည်။

“ရဲတပ်ဖွဲ့က အသေပစ်ခတ်ဖမ်းဆီးခဲ့တယ် တရားခံဟာ ပြစ်မှုမှတ်တမ်းရှိသူဖြစ်ပြီး ထောက်လှမ်းရေးရဲ့ စောင့်ကြည့်ရမယ့်နာမည်စာရင်းမှာပါဝင်သူဖြစ်တယ်။ သူဟာ အရင် ဆီးရီးယားကို သွားပြီး ISအစွန်းရောက်အဖွဲ့မှာ ပါဝင်ဖို့ ကြိုးပမ်းခဲ့တာကြောင့် ၂၀၁၉ ခုနှစ် ၄လပိုင်း မှာ ထောင်ဒဏ် ၂၂ လ ချမှတ်ခံထားရသူပါ။ အသက်ငယ်ရွယ်လို့ ပြစ်ဒဏ်လျှော့ပေါ့ပေးခဲ့တာကြောင့် အဲဒီနှစ် ၁၂ လပိုင်းမှာပဲ ထောင်ကထွက်ခဲ့တယ်”ဟု Karl Nehammerက ဆိုသည်။

ဗီယင်နာ အကြမ်းဖက်မှုကို ကျူးလွန်ခဲ့သည့် တရားခံသည် ဩစတြီးယားနိုင်ငံတွင် မွေးဖွားခဲ့သူဖြစ်ပြီး ၎င်း၏မိဘများက မြောက်မက်စီဒိုးနီးယားမှ ရွှေ့ပြောင်းနေထိုင်သူများဖြစ်ကြောင်း weekly Falter သတင်းစာ၏ သတင်းထောက်တစ်ဦးက တွစ်တာတွင် ရေးသားထားသည်။

ဩစတြီးယားနိုင်ငံ မြို့တော်ဗီယင်နာရှိ လမ်းများတွင် နိုဝင်ဘာ ၂ ရက် ညပိုင်းက ရှာဖွေစစ်ဆေးမှုများ ပြုနေသည်ကို တွေ့ရစဉ် (Photo by Georges Schneider/Xinhua) 

ဩစတြီးယားနိုင်ငံဝန်ကြီးချုပ် Sebastian Kurz က အကြမ်းဖက်တိုက်ခိုက်မှုကြောင့် တရားခံအပြင် အခြားလူ ၄ ဦး သေဆုံးခဲ့ပြီး လူ ၁၇ ဦး ဒဏ်ရရရှိကြောင်း ဆိုသည်။ ဒဏ်ရာရသူများတွင် အချို့က သေနတ်ဒဏ်ရာ၊ အချို့က ဓါးဒဏ်ရာများ ရရှိခဲ့ခြင်း ဖြစ်ပြီး ၎င်းတို့အနက်အများစုမှာ ဒဏ်ရာပြင်းထန်ကာ အသက်အန္တရာယ်ရှိကြောင်း သိရသည်။

တစ်နိုင်ငံလုံး ဝမ်းနည်းဖွယ်အထိမ်းအမှတ်အဖြစ် ၃ ရက်ကြာ ကျင်းပသွားမည် ဖြစ်ကြောင်း ဩစတြီးယားနိုင်ငံ အစိုးရက ကြေညာခဲ့သည်။တရားခံ ပြစ်မှုကျူးလွန်ခဲ့သည့် နေရာသည် အရက်ဘားနှင့် ဘာသာရေးအဆောက်အဦများ ပါဝင်ကြောင်း၊ ကိုဗစ်-၁၉ ဒုတိယလှိုင်းကြောင့် လော့ခ်ဒေါင်းမချမီ တစ်ရက်တွင် အကြမ်းဖက်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်ရာ လူအများ အပန်းဖြေနေရာတွင် စုစည်းနေချိန် ဖြစ်ကြောင်း သိရသည်။

သေနတ်ကိုင်ထားသူတစ်ဦးက လမ်းမပေါ်တွင် တွေ့မြင်သမျှလူများကို ပစ်ခတ်လျက်ရှိသည်ဟု မျက်မြင်သက်သေတစ်ဦး၏ လူမှုကွန်ရက်မီဒီယာတွင် တင်သော ဗွီဒီယိုဖိုင်က အချင်းဖြစ်စဉ်ကို ဖော်ပြခဲ့သည်။မျက်မြင်သက်သေများ၏ လက်ကိုင်ဖုန်းဖြင့် ရိုက်ကူးသော ဗွီဒီယိုဖိုင် ၂ သောင်းကျော်ခန့်ကို စုစည်းပြီး သဲလွန်စရှာခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

ကိုဗစ် တစ်ကျော့ပြန် ဖြစ်ပွားမှုကြောင့် ဩစတြီးယားတွင် နိုဝင်ဘာ ၃ ရက် ၀၀:၀၀ နာရီမှစ၍ တစ်နိုင်ငံလုံးအတိုင်းအတာအရ ဒုတိယအကြိမ် ကန့်သတ်မှုများ လုပ်ဆောင်ခဲ့ရာ ထိုကန့်သတ်ချက်များသည် နိုဝင်ဘာလကုန်အထိ အသက်ဝင်မည်ဖြစ်ကြောင်း သိရသည်။ ထိုကာလတွင် ည ၈ နာရီမှ နောက်တစ်နေ့မနက် ၆နာရီအတွင်း ညမထွက်ရအမိန့်ကိုလည်း ကျင့်သုံးသွားမည်ဖြစ်ရာ မလိုအပ်ဘဲ အပြင်ထွက်ခွင့်မကြောင်း၊ ရုပ်ရှင်ရုံ၊ပြဇတ်ရုပ်စသည့် အပန်းဖြေနေရာများကို ပိတ်သိမ်းထားမည် ဖြစ်သလို လူစုလူဝေးဖြစ်မည့်ပွဲများ ကျင်းပခွင့်ကို တားမြစ်ထားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)