Asia
အာဖဂန် စစ်ဆင်ရေးတွင် တာလီဘန် ၁၂ ဦးအား သုတ်သင်နိုင်ခဲ့
ကဘူး ၊ မေ ၁၁ ရက် (ဆင်ဟွာ)
အာဖဂန် နစ္စတန်နိုင်ငံ၌ မေလ ၁ဝ ရက်က ပြုလုပ်ခဲ့သော စစ်ဆင်ရေးများတွင် စစ်သွေးကြွ တစ်ဒါဇင်ကို သုတ်သင် သတ်ဖြတ်နိုင်ခဲ့ကြောင်း အာဖဂန် ကာကွယ်ရေး ဝန်ကြီးဌာနက မေလ ၁၁ ရက်တွင် သတင်း ထုတ်ပြန်သည်။
“ အာဖဂန်စစ်တပ် ဟာ ရဲတပ်ဖွဲ့နဲ့ထောက်လှမ်းရေး တပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီး နိုင်ငံတွင်းက ပြည်နယ်အချို့မှာ စစ်ဆင်ရေးတွေ လုပ်ခဲ့တယ်။ အဲဒီမှာ စစ်သွေးကြွ ၁၂ ယောက်သေတယ် ၊ ၅ ယောက် ဒဏ်ရာရတယ်။ လက်နက် ကိုင်ဆောင်မှုနဲ့ သံသယရှိတဲ့ ၇ ယောက်ကို ဖမ်းဆီးနိုင်ခဲ့တယ်” ဟု ကာကွယ်ရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပြည်နယ် ၃၄ ခုတွင် ပြုလုပ်ခဲ့သော စစ်ဆင်ရေး ၁၂ ကြိမ်အတွင်း စစ်သွေးကြွများထံမှ လက်နက်များ ၊ နင်းမိုင်း ၄ လုံး ကိုရှာဖွေတွေ့ရှိခဲ့ကြောင်း နှင့် ဆိုင်ကယ်တစ်စီး ကိုလည်း နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းယူနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖြည့်စွက် ဖော်ပြထားသည်။
မေလ ၉ ရက်တွင် ပြုလုပ်ခဲ့သော စစ်ဆင်ရေးတွင် အာဖဂန် တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးသွားခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ တာလီဘန် စစ်သွေးကြွများ ကြီးစိုးထားသည့် ပြည်နယ်များတွင် တော်လှန်ရေး နှစ်ပတ်လည် တိုက်ခိုက်မှု အစပြုခဲ့သည့် ဧပြီလ အစောပိုင်းမှ စတင်ကာ လုံခြုံရေး တပ်ဖွဲ့ဝင်များသည် စစ်ဆင်ရေးများ တိုးမြှင့် လုပ်ဆောင်ခဲ့သည်။ တာလီဘန်တို့ဖက်ကလည်း ဗုံးခွဲ တိုက်ခိုက်ခြင်းနှင့် လက်နက်များဖြင့် ပြန်လည် ပစ်ခတ်ခြင်းများဖြင့် တုံ့ပြန်ခဲ့သည်။
အာဖဂန် နစ္စတန်နိုင်ငံအရှေ့ပိုင်းရှိ Nangarhar ပြည်နယ်တွင် မေလ ၁ဝ ရက်က တာလီဘန် စစ်သွေးကြွ တစ်ဦး၏ အသေခံ ဗုံးခွဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ ဦး အပါအဝင် လူ ၁၁ ဦး သေဆုံးပြီး ၂၃ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း သိရသည်။ (Xinhua)