Asia
အင်ဒိုနီးရှားနိုင်ငံသား ၃ ဦးကို အဘူဆာရက်ဖ် ပြန်ပေးဆွဲ
ဂျကာတာ၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)
မလေးရှားနိုင်ငံ ရေပိုင်နက်အတွင်း ဝင်ရောက် ငါးဖမ်းနေသော အင်ဒိုနီးရှား ငါးဖမ်းသမား ၃ ဦးအား အဘူဆာရက်ဖ် (Abu Sayyaf) စစ်သွေးကြွအဖွဲ့က အဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း အင်ဒိုနီးရှား စစ်တပ် တပ်မှူး Gatot Nurmantyo က ဇူလိုင်လ ၁၁ ရက်၌ ထုတ်ဖော် ပြောကြားလိုက်သည်။
“အဓမ္မ ခေါ်ဆောင်သွားသူတွေဟာ အဘူဆာရက်ဖ်အဖွဲ့က ဖြစ်တယ်၊ ငါးဖမ်းသမားတွေကို ဖိလစ်ပိုင် ဘက်ကို ခေါ်ဆောင်သွားတယ်” ဟု ဗိုလ်ချုပ်ကြီးက သမ္မတနန်းတော်၌ ပြောကြားခဲ့သည်။
ယခုလို အဘူဆာရက်ဖ်အဖွဲ့က အင်ဒိုနီးရှား နိုင်ငံသားများအား ပြန်ပေးဆွဲခဲ့ခြင်းသည် ယခုနှစ်အတွင်း လေးကြိမ်မြောက် ဖြစ်ပြီး ထိုအဖွဲ့က ဖမ်းဆီးထားသည့် အင်ဒိုနီးရှား သင်္ဘောသား ၇ ဦး လွတ်မြောက်ရေး အတွက် နှစ်နိုင်ငံ အစိုးရတို့က ကြိုးစားနေစဉ် ထပ်မံ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ဇွန်လ ၂၀ ရက်က ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း Sulu ပင်လယ်၌ Tugboat Charles 001 နှင့် Robby barge ship 152 တို့မှ သင်္ဘောသား ၁၃ ဦးအား အဘူဆာရက်ဖ်အဖွဲ့က ဖမ်းဆီးခဲ့ကာ သင်္ဘောသား ၆ ဦးအား ပြန်လွှတ်ပေးခဲပြီး သင်္ဘောသား ၇ ဦးအား ဓားစာခံအဖြစ် ဖမ်းဆီးထားကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနက ထုတ်ပြန်ထားသည်။
အင်ဒိုနီးရှား၊ မလေးရှားနှင့် ဖိလစ်ပိုင် နိုင်ငံများ၏ နယ်စပ်တလျှောက်ရှိ ရေပိုင်နက် လုံခြုံရေး ပူးတွဲ ကင်းလှည့် ခြင်း လုပ်ဆောင်ရန် မေလက သဘောတူခဲ့ကြပြီးနောက် ယခုလို အဓမ္မ ဖမ်းဆီးခေါ်ဆောင်ခြင်းများ ဖြစ်ခဲ့ သည်။ (Xinhua)