Politics, Law & Military
ကွတ်ခိုင်မြို့၌ ယမ်းပြင်းများထည့်ထားသော သံပုံးမိုင်းတစ်ခုတွေ့ရှိ
ရန်ကုန်၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင် မြို့ရှိ မြို့လယ်တံတား၌ ဒီဇင်ဘာ ၄ရက်နေ့ နံနက်ပိုင်းက TNT ယမ်းပြင်းများထည့်ထားသော သံပုံးတစ်လုံးဖြင့် ပြုလုပ်ထား သည့် ဒေသန္တရလုပ် မိုင်းဗုံးအား တွေ့ရှိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။
ကွတ်ခိုင်မြို့ရှိ မြို့လယ်တံတား၌ မသင်္ကာဖွယ် သံပုံးတစ်လုံးတွေ့ရှိ ကြောင်း သတင်းအရ ယနေ့နံနက် ၆ နာရီခွဲခန့်တွင် တပ်မတော်စစ်ကြောင်းက သွားရောက် စစ်ဆေးရာ ၁ဝ ပိဿာဝင် သံပုံးခွံအတွင်း၌ အလျား လေးလက်မ၊ အနံ နှစ်လက်မ၊ အမြင့် တစ်လက်မခန့်ရှိ အဝါရောင် TNT ယမ်းပြင်းအတုံး ၁ဝဝ နှင့် လျှပ်စစ် ဒီတိုနေတာ ၁၃ ချောင်း ထည့်သွင်း တပ်ဆင်ပြီး ဆိုင်ကယ်သုံးဘက်ထရီ အိုးနှင့် ဝါယာကြိုးများ ဆက်သွယ် ထားသော အဆိုပါ ဒေသန္တရမိုင်းတစ်လုံးအား တွေ့ရှိခဲ့သည်။အဆိုပါ မိုင်းကို တပ်မတော် အထူးမိုင်းရှင်းလင်းရေးအဖွဲ့က ရှင်းလင်းဆောင်ရွက်နိုင်ခဲ့သဖြင့် ပေါက်ကွဲမှုမရှိခဲ့ကြောင်း သိရသည်။(Xinhua)