Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်အတွင်းဖြစ်စဉ်များ၌ လုံခြုံရေးအဖွဲ့အစည်းများအနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုများမရှိဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဆို

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မလေးရှား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တို့တွေ့ဆုံစဉ်(ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်အတွင်း ဖြစ်စဉ်များ၌ နိုင်ငံ၏ လုံခြုံရေးအဖွဲ့အစည်းများအနေဖြင့် ဥပဒေမဲ့လူသတ်၊ မုဒိမ်းကျင့်၊ မီးရှို့မှုစသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများမရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မလေးရှား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Tan Sri Dato’ Sri (Dr.) Haji Zulkifeli Bin Mohd Zainနှင့် ယနေ့တွေ့ဆုံစဉ်ပြောကြားလိုက်သည်။

ယင်း ရခိုင်ပြည်နယ်တွင်း ဘင်္ဂါလီအရေးကိစ္စများသည် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများနှင့်အညီဖြစ်စေရန် ကြိုးပမ်းလုပ်ဆောင်ရာတွင် ယင်းဒေသရှိ ဘင်္ဂါလီများအနေဖြင့် ဥပဒေနှင့်အညီ လိုက်နာလုပ်ဆောင်ရန် ပျက်ကွက်သည့်အတွက် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း၊ စုံစမ်းစစ်ဆေးမှုများ ပူးပေါင်းလုပ်ဆောင်နေပြီး ဥပဒေချိုးဖောက်မှုရှိပါကလည်း အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သို့ နှုတ်ဆက်ချစ်ကြည်ရေးခရီး လာရောက်သည့် မလေးရှား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Tan Sri Dato’ Sri (Dr.) Haji Zulkifeli Bin Mohd Zain တို့သည် ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံစဉ် ဆွေးနွေးခဲ့သည်။

အဆိုပါ မြန်မာ-မလေးရှား နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား လက်ရှိ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များ ဦးဆောင်မှုဖြင့် ချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်နိုင်ခဲ့သည့် အခြေအနေများ၊ ဆက်လက်ပြီး တပ်မတော်နှစ်ရပ် ဆက်ဆံရေးတည်တံ့ခိုင်မြဲရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေးအတွက် အဆင့်အလိုက် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့များ စေလွှတ်တွေ့ဆုံဆွေးနွေးရေး၊ တပ်မတော်(ကြည်း၊ရေ၊လေ) ကာကွယ်ရေးဆိုင်ရာပြပွဲများသို့ အပြန်အလှန်တက်ရောက်ရေး၊ လေ့ကျင့်ရေးဆိုင်ရာသင်တန်းများ တိုးမြှင့်စေလွှတ်ရေး၊ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးအတွက် တပ်မတော်နှစ်ရပ်အကြား သတင်းဖလှယ်မှုကိစ္စရပ်များ ဆက်လက်လုပ်ဆောင်ရေး၊ အခြားသော တတိယနိုင်ငံများအပါအဝင်ဖြင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လုပ်ဆောင်ရေး၊ တပ်မတော်အားကစားအဖွဲ့၊ ဆေးဝါးကုသရေးအဖွဲ့များ ချစ်ကြည်ရေးနှင့် အတွေ့အကြုံဖလှယ်ရေးအတွက် အပြန်အလှန်စေလွှတ်ရေး ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့် ဘင်္ဂါလီအရေးကိစ္စများနှင့်ပတ်သက်၍ မိမိလုံခြုံရေး အဖွဲ့အစည်းများအနေဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ အင်အားသုံး ဖိအားပေးတိုက်ခိုက်မှုမရှိသည့် အခြေအနေမှန်များ၊ ယင်းဒေသတွင် ပြည်တွင်း၊ ပြည်ပ မီဒီယာများ လည်းရှိနေခြင်းကြောင့် မဟုတ်မမှန် ပြောဆို၍ မရနိုင်ကြောင်းတို့အား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။(Xinhua)