Connect with us

Politics, Law & Military

သစ်ခိုးအဖွဲ့များမှ ခိုးထုတ်လျက်ရှိသည့် တရားမဝင်သစ်များနှင့် သစ်တင်ယာဉ်များသိမ်းဆည်းရမိ

ဖမ်းဆီးရမိသည့် သစ်တင်ယာဉ်အားတွေ့ရစဉ် (ဓာတ်ပုံ--မြဝတီ)

ရန်ကုန်၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်မြို့နယ်နှင့် မန်တုံမြို့အနီးဝန်းကျင် ရွှေလီမြစ်ကြောင်းတစ်လျှောက်၌ သစ်ခိုးအဖွဲ့များက သစ်များခိုးထုတ်လျက်ရှိကြောင်းသတင်းအရ တပ်မတော်စစ်ကြောင်းများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များပူးပေါင်း၍ သစ်ခိုးအဖွဲ့များမှ ခိုးထုတ်လျက်ရှိသည့် တရားမဝင်သစ်များနှင့် သစ်တင်ယာဉ်များသိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်သတင်းပြန်ကြားရေးအဖွဲ့မှ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်မြို့နယ်နှင့် မန်တုံမြို့အနီးဝန်းကျင် ရွှေလီမြစ်ကြောင်းတစ်လျှောက်၌ သစ်ခိုးအဖွဲ့များက သစ်များခိုးထုတ်လျက်ရှိကြောင်းသတင်းအရ တပ်မတော်မှ ဇန်နဝါရီ ၁၇ ရက်မှစတင်ပြီး လေယာဉ်ဖြင့်ကောင်းကင်ဓာတ်ပုံရိုက်ကူး၍ ကင်းထောက်ခဲ့ရာ တရားမဝင်သစ်တင်ယာဉ်များဖြင့် သစ်များ ခိုးထုတ်လျက်ရှိသည်ကို စိစစ်တွေ့ရှိရသဖြင့် ဇန်နဝါရီ ၁၈ ရက်တွင် တပ်မတော်လေယာဉ်ဖြင့် ခြောက်လှန့်ပစ်ခတ်တားဆီးခဲ့ရကြောင်း သိရသည်။

အဆိုပါနေရာများသို့ တပ်မတော်စစ်ကြောင်းများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များပူးပေါင်း၍ သွားရောက် ရှင်းလင်းစဉ် ဇန်နဝါရီ ၁၈ ရက်၌ နမ့်ခမ်းမြို့နယ်၊ မုံးဝီးကျေးရွာ၏ အနောက်တောင်ဘက် ၁ မိုင်ခန့်အကွာတွင် သစ်မာ ၂၇ တန်ခန့်တင်ဆောင်ထားသည့် ၁၂ ဘီးယာဉ်သုံးစီးနှင့် အဆိုပါနေရာအနီး ဝန်းကျင်တွင် သစ်မာ ၂၇ တန်ခန့်တင်ဆောင်ထားသည့် ၁၂ ဘီးယာဉ်သုံးစီးတို့အားလည်းကောင်း၊ ဇန်နဝါရီ ၁၉ ရက်တွင် နမ့်ခမ်းမြို့နယ်၊ မုံးဝီးကျေးရွာ၏အနောက်တောင်ဘက် ၁ မိုင်ခန့်အကွာ၌ ၁၂ ဘီးယာဉ် ၂၄ စီး၊ ခြောက်ဘီးယာဉ် ၁၅ စီးတို့အားလည်းကောင်း၊ မန်တုံမြို့၊ ပန်ကူကျေးရွာ၏အနောက်ဘက် ၄ မိုင်ခန့် အကွာတွင် သစ်မာ ၆ တန်ခန့်တင်ဆောင်ထားသည့် သရီးကရောင်းယာဉ်တစ်စီးနှင့် ဘက်ဟိုးယာဉ် တစ်စီးတို့အားလည်းကောင်း၊ ဇန်နဝါရီ ၂၀ ရက်တွင် မန်တုံမြို့၊ ပန်ကူကျေးရွာ၏အနောက်မြောက်ဘက် ၅ မိုင်ခန့်အကွာတွင် တရားမဝင်သစ်တင်ခြောက်ဘီးယာဉ် သုံးစီး၊ ကရိန်းယာဉ် တစ်စီး၊ ဖိုးဝှီးယာဉ် တစ်စီးနှင့် သစ်မာဆိုဒ်စုံ ၅ တန်ခန့်တင်ဆောင်ထားသည့် ၁၀ ဘီးယာဉ်တစ်စီး၊ ဒီဇယ်ပီပါ ၃၉ လုံးတင်ဆောင် ထားသည့် ခြောက်ဘီးယာဉ်သုံးစီးနှင့် ဘိလပ်မြေ ၂၀ အိတ်တင်ဆောင်ထားသည့် ပါရာဒိုယာဉ် တစ်စီးတို့အားလည်းကောင်း၊ နမ့်ခမ်းမြို့နယ်၊ မုံးဝီးကျေးရွာ၏ အနောက်တောင်ဘက် ၁ မိုင်ခွဲခန့်အကွာတွင် သစ်မာမျိုးစုံ ၃၉ တန်ခန့်တင်ဆောင်ထားသည့် ၁၂ ဘီးယာဉ် တစ်စီးနှင့် ခြောက်ဘီးယာဉ် ခြောက်စီးတို့အားလည်းကောင်း၊ ဇန်နဝါရီ ၂၁ ရက်တွင် မန်တုံမြို့၊ မုံးခက်ကျေးရွာ၏အရှေ့မြောက်ဘက် ၁ မိုင်ခွဲခန့်အကွာတွင် သစ်မာ ၁၅ တန်ခန့်တင်ဆောင်ထားသည့် ၁၂ ဘီးယာဉ်နှစ်စီးနှင့် ခြောက်ဘီးယာဉ်တစ်စီးတို့အားလည်းကောင်း၊ ဇန်နဝါရီ ၂၂ ရက်တွင် မန်တုံမြို့၊ မုံးခက်ကျေးရွာ၏ အနောက်ဘက် ၁ မိုင်ခန့်အကွာတွင် သစ်မာ ၁၀ တန်ခန့်တင်ဆောင်ထားသည့် ခြောက်ဘီးယာဉ် သုံးစီးအားလည်းကောင်း စုစုပေါင်း တရားမဝင်သစ်မျိုးစုံ ၃၅၉ တန်ခန့်နှင့် သစ်ထုတ်လုပ်ရာနှင့် သစ်များသယ်ဆောင်ရာတွင် အသုံးပြုသည့် ယာဉ်မျိုးစုံ ၇၀ စီးတို့အား ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

တပ်မတော်အနေဖြင့် ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ အတွင်း မြန်မာ့အဖိုးတန်သယံဇာတသစ်များ တရားမဝင်ခိုးထုတ်မှုမရှိစေရေး တပ်မတော်လေယာဉ်များဖြင့် ဝေဟင်မှကင်းထောက်ခြင်း၊ စစ်ကြောင်း များဖြင့် နယ်မြေရှင်းလင်းခြင်းများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် အဆိုပါဖမ်းဆီးရမိသည့် သစ်များနှင့် မော်တော်ယာဉ်များ အားသက်ဆိုင်ရာသစ်တောဦးစီးဌာနများသို့ စနစ်တကျလွှဲပြောင်း အပ်နှံသွားမည်ဖြစ်ကြောင်းသတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.