Latin America
ချီလီ တောမီးလောင်ကျွမ်းမှုကြောင့် ပျက်စီးမှုများအတွက် ပြန်လည် တည်ဆောက်ရေး လုပ်ငန်း စတင်
ဆန်တီယာဂို၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)
ချီလီနိုင်ငံတွင် တောမီးလောင်ကျွမ်းပြီးနောက် ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများနှင့် ပြန်လည် တည်ထောင်ရေး လုပ်ငန်းများ ကြိုးပမ်း လုပ်ကိုင်ကြရန် အစိုးရအား ညွှန်ကြားထားကြောင်း ချီလီ သမ္မတ မစ်ရှဲလ် ဘတ်ချလတ် (Michelle Bachelet) က ဇန်နဝါရီလ ၃၁ ရက်၌ ပြောကြားခဲ့သည်။
“အရေးပေါ်အခြေအနေ၊ မီးငြှိမ်းသတ်ခြင် နှင့် အသက်ကယ်တင်ခြင်း၊ အသက်ရှင်သူများကို ကယ်တင်ခြင်းနှင့် လူထုအား ထောက်ပံ့ကူညီမှုများပေးခြင်း စတဲ့ ကဏ္ဍ အမျိုးမျိုး ပိုင်းခြားကာ လုပ်ဆောင်သွားမယ်၊ ပူးပေါင်း လုပ်ဆောင်မှုက အရေးကြီးတယ်” ဟု သမ္မတက ပြောသည်။
နောက်ဆုံး အချက်အလက်များအရ မီးလောင်ကျွမ်းလျက်ရှိသော နေရာ ၆၁ နေရာရှိကြောင်း၊ ဒေသခံ ၃,၇၈၂ ဦး နေအိမ်မှ ပြောင်းရွှေ့နေရကြောင်း၊ လူဦးရေ ၁၁၅၁ ဦးမှာ ယာယီ စခန်းများတွင် နေထိုင်နေရကြောင်းနှင့် နေအိမ် ၁,၀၂၅ လုံး ပျက်စီးသွားခဲ့ကြောင်း သိရသည်။
ပြန်လည် ထူထောင်ရေး လုပ်ငန်း၏ အစိတ်အပိုင်းအဖြစ် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သော မြို့များနှင့် မီးလောင်ကျွမ်းမှုကြောင့် ထိခိုက်ခဲ့သော မိသားစုများအား ထိထိရောက်ရောက် ကူညီနိုင်ရန်အတွက် အထူး အသားပေး လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သမ္မတက ပြောကြားခဲ့သည်။
ထို့ပြင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သော ဒေသများတွင် နေထိုင်သူများအတွက် လူမှု အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များမှ ပေးပို့လာသော လှူဒါန်းမှုများအား ဇန်နဝါရီလ ၃၁ ရက် နံနက်ပိုင်းတွင် ချီလီ သမ္မတက လက်ခံ ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)