Connect with us

Media

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း AFC Futsal Asian Cup 2024 Qualifiers ပြိုင်ပွဲတွင် ခြေစစ်ပွဲအောင်မြင်ပြီးနောက် ကမ္ဘာ့အဆင့် ၇၈ အထိမြင့်တက်လာ

ရန်ကုန်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ)

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း AFC Futsal Asian Cup 2024 Qualifiers ပြိုင်ပွဲတွင် ခြေစစ်ပွဲအောင်မြင်ပြီးနောက် ကမ္ဘာ့အဆင့် ၇၈ အထိမြင့်တက်လာခဲ့ကြောင်း ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံး ကော်မတီမှ မီဒီယာအရာရှိ ဦးညီညီမိုးအောင်က အောက်တိုဘာ ၁၈ ရက်တွင် ဆင်ဟွာသို့ပြောသည်။ဦးညီညီမိုးအောင်က “ကျွန်တော်တို့ မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းက အရင်က ကမ္ဘာ့အဆင့်က အရင်က ၈၃ ကနေ အခုက ၇၈ အထိ အဆင့် ၅ ဆင့်မြင့်တက်ခဲ့တာပါ။ အာရှမှာက အဆင့် ၁၈ ဖြစ်သွားတာ။ အရင်က အာရှမှာ အဆင့် ၁၉၊ အာဆီယံက အဆင့် (၄)၊ ကျွန်တော်တို့ အပေါ်မှာ ထိုင်း၊ ဗီယက်နမ်နဲ့ အင်ဒိုနီးရှား လက်ရွေးစင်အသင်းတွေ ရှိပါတယ်” ဟု ပြောသည်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖူဆယ်ကမ္ဘာ့အဆင့် သတ်မှတ်ချက် ထုတ်ပြန်ပြီးနောက် ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် ကမ္ဘာ့အဆင့်သတ်မှတ်ချက်ကို ပြန်လည်ထုတ်ပြန်ခြင်း ဖြစ်သည်။“ဒီတစ်ခေါက်အဆင့်တက်တာ အခု AFC Futsal Champion Cup မှာ ခြေစစ်ပွဲအောင်တာကလည်း ကမ္ဘာ့အဆင့် မြင့်တက်ခြင်းအတွက် အချက်တစ်ခုအနေနဲ့ ပါပါတယ်။ အဆင့်သတ်မှတ်ချက်ဆိုတာ ပွဲတစ်ပွဲရဲ့ အနိုင်အရှုံးပေါ်မှာ မူတည်တာပေါ့။ ပွဲတစ်ပွဲကန်လို့ နိုင်ရင် အဆင့်တက်မယ်။ သရေဆိုရင် ဒီအဆင့်အတိုင်းပဲ။ ရှုံးရင် အဆင့်ကျမယ်။ အဲဒီမှာမှ ကိုယ့်ထက် အဆင့်မြင့်တဲ့အသင်းကိုနိုင်ရင် အဆင့်က ပိုပြီးတက်မယ်။ ကိုယ့်ထက်အဆင့်နိမ့်တဲ့အသင်းကို ရှုံးရင် အဆင့်က ပိုပြီးကျမယ်ဆိုတဲ့ သူတို့ရဲ့ သတ်မှတ်ချက်တွေရှိတယ်။ ကမ္ဘာ့အဆင့်ကို တက်ချင်ရင်တော့ နိုင်ငံတကာ ပွဲတွေမှာ အနိုင်ကစားပြီး ရလဒ်ကောင်းဖို့တော့ လိုတာပေါ့” ဟု ဦးညီညီမိုးအောင်က ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)