Connect with us

Media

မြန်မာနိုင်ငံသို့ ၉ လအတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည် ၈၈၀,၀၀၀ ကျော်ဝင်ရောက်

ရန်ကုန်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသို့ ပထမ ၉ လအတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည် ၈၈၀,၀၀၀ ကျော်ဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးလှမြင့်က ဆင်ဟွာသို့ ယနေ့နိုဝင်ဘာ ၅ ရက်တွင်ပြောသည်။

ဦးလှမြင့်က “ခရီးသွားဧည့်သည်တွေက မနှစ်ကနဲ့စာရင် တိုးမြင့်ဝင်ရောက်နေပါတယ်။ ဘာလို့ ခရီးသွားဧည့်သည် တိုးလာလဲဆိုရင် ဖြေလျှော့မှုတွေပေးတယ်။ visa on arrival တွေပေးတယ်။ e-visa တွေကိုလည်း လွယ်ကူအောင်၊ လျင်မြန်အောင် သက်ဆိုင်ရာဌာန တွေကလည်းကူညီပေးနေတယ်။ ဒါကြောင့် ခရီးသွားဧည့်သည်တွေကို ဝင်ထွက်မှုလွယ်ကူတာဖြစ်တဲ့အတွက် လာတာဖြစ်ပါတယ်။ နောက်ပြီးတော့ ပွင့်လင်းရာသီလည်းရောက်လာပြီလေ။ နောက်ထပ်လည်း ခရီးသွားဧည့်သည်တွေ ပိုမိုဝင်ရောက်ဖို့ရှိပါတယ်” ဟုပြောသည်။

မြန်မာနိုင်ငံသို့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လကုန်အထိ နိုင်ငံတကာ ခရီးသွားဧည့်သည် စုစုပေါင်း ၇၅၁,၂၁၆ ဦး လာရောက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။

ဇန်နဝါရီမှ စက်တင်ဘာလကုန်အထိ လာရောက်ခဲ့ကြသော နိုင်ငံတကာ ခရီးသွားဧည့်သည် အများစုမှာ လေကြောင်းလိုင်းဖြင့် လာရောက်ခြင်း ဖြစ်ကြောင်း ဦးလှမြင့်၏ ပြောကြားချက်အရ သိရသည်။

ဦးလှမြင့်က “နောက်ပြီးတော့ ကျွန်တော်တို့ ဝန်ကြီးဌာနက ထောက်ခံအဆိုပြုထားတဲ့ ခရီးစဉ်ဒေသ ၁၄ ခုလည်း ရှိတယ်။ အဲဒီထောက်ခံအဆိုပြုထားတဲ့ ၁၄ ခုအပြင် တခြားလည်ပတ်စရာတွေလည်းရှိတော့ မြန်မာနိုင်ငံကို စိတ်ဝင်စားလို့လာတာပေါ့။ အခုလောလောဆယ် လာတာက ထိုင်းနိုင်ငံကများပါတယ်။ နောက်ပြီး တခြားနိုင်ငံက ခရီးသွားဧည့်သည်တွေလည်း တိုးမြင့်ဝင်ရောက်နေပါတယ်” ဟုပြောသည်။

မြန်မာနိုင်ငံသို့ တရုတ်ခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်စေရန်အတွက် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန အနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“ကျွန်တော်တို့အနေနဲ့ တရုတ်ခရီးသွားဧည့်သည်နဲ့ ရုရှားခရီးသွားဧည့်သည်တွေ ပိုမိုဝင်ရောက်ဖို့အတွက် မျှော်လင့်ပါတယ်။ အဲဒီမှာမှ တရုတ်ခရီးသွားဧည့်သည်ကို ပိုအားထားပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က အိမ်နီးချင်းနိုင်ငံလည်းဖြစ်တယ်။

နယ်စပ်ချင်းကလည်း ထိစပ်နေတယ်။ တရုတ်ခရီးသွားဧည့်သည်တွေကလည်း ငွေကြေးသုံးနိုင်စွဲနိုင်တယ်။ ခရီးသွားတဲ့ အရေအတွက်လည်းများတော့ တရုတ်ခရီးသွားဧည့်သည်တွေကို ပိုအားထားပါတယ်” ဟု ဦးလှမြင့်ကပြောသည်။

တရုတ်ခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်စေရန်အတွက် ကြော်ငြာမြှင့်တင်ခြင်းများကို သက်ဆိုင်ရာ အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံသို့ ခရီးသွားဝင်ရောက်မှုမှာ ၂၀၂၃ ခုနှစ် ၉ လတာကာလအတွင်း သိသိသာသာ မြင့်တက်လာခဲ့ပြီး ၂၀၂၂ ခုနှစ် တစ်နှစ်ပတ်လုံးတွင် မြန်မာနိုင်ငံသို့ နိုင်ငံတကာ ခရီးသွားဧည့်သည် ၂၃၃,၄၈၇ ဦး လာရောက်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် COVID-19 ကပ်ရောဂါမဖြစ်ပွားမီ ၂၀၁၉ ခုနှစ်တွင် နိုင်ငံတကာ ခရီးသွားဧည့်သည် ၄.၃၆ သန်းကျော်ဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ တရားဝင်ထုတ်ပြန်သော ကိန်းဂဏန်းများအရ သိရသည်။ (Xinhua)