Connect with us

Media

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပထမ ၃ လတွင် မြန်မာနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၉.၇ ဘီလီယံကျော်ရှိ

ရန်ကုန်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပထမသုံးလအတွင်း မြန်မာနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု မှ အမေရိကန်ဒေါ်လာ ၉.၇ ဘီလီယံကျော်ရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော အချက်အလက်များ အရ သိရသည်။
ယမန်နှစ်အလားတူကာလ၌ နိုင်ငံခြားကုန်သွယ်မှုမှ ရရှိခဲ့သည့်ဝင်ငွေ အမေရိကန်ဒေါ်လာ ၉.၆ ဘီလီယံကျော်နှင့် နှိုင်းယှဉ်ပါက ပိုမိုရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၃ ခုနှစ်၊ ဧပြီလ ၁ ရက်မှ ဇူလိုင် ၁၄ ရက်အထိ ပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄.၄ ဘီလီယံကျော် ရရှိခဲ့ပြီး သွင်းကုန်မှ အမေရိကန်ဒေါ်လာ ၅.၃ ဘီလီယံကျော်ရရှိခဲ့ကြောင်း သိရသည်။

ယင်းကာလအတွင်း စက်မှုကုန်ချောပစ္စည်းတင်ပို့မှ အမေရိကန်ဒေါ်လာ ၂.၆ ဘီလီယံကျော် ရရှိပြီး ပို့ကုန်တန်ဖိုး အများဆုံးစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်လျက်ရှိကာ ၎င်း၏နောက်တွင် လယ်ယာထွက်ကုန်ပစ္စည်းတင်ပို့မှ အမေရိကန်ဒေါ်လာ ၉၆၈.၀၅ သန်းဖြင့် ရပ်တည်လျက်ရှိကြောင်း သိရသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၏ သုံးလတာကာလအတွင်း နယ်စပ်ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၃.၀၈ ဘီလီယံရှိပြီး၊ ပင်လယ်ရေကြောင်းကုန်သွယ်မှုအနေဖြင့် စုစုပေါင်း အမေရိကန်ဒေါ်လာ ၆.၆ ဘီလီယံကျော်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ကုန်သွယ်ဖက်နိုင်ငံများတွင် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ ပါဝင်ကြသည်။

မြန်မာနိုင်ငံသည် လယ်ယာထွက်ကုန်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချောပစ္စည်းများနှင့် အခြားကုန်စည်များအား တင်ပို့လျက်ရှိပြီး၊ ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်း၊ အလယ်အလတ်ကုန်စည်များနှင့် လူသုံးကုန်ပစ္စည်းများကို ပြန်လည်တင်သွင်းလျက်ရှိကြောင်း သိရသည်။ (Xinhua)