Connect with us

Media

လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေဖြင့်ဖော်ဆောင်သည့် မုန့်ဖုတ်နည်းသင်တန်းစီမံကိန်း စတင်ခြင်းအခမ်းအနားကျင်းပ

ရန်ကုန်၊ ဩဂုတ် ၁၀ ရက် (ဆင်ဟွာ)

လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့်ဖော်ဆောင်သည့် “မုန့်ဖုတ်နည်းသင်တန်းစီမံကိန်း” စတင်ခြင်းအခမ်းအနားနှင့် သင်တန်းဖွင့်ပွဲ အခမ်းအနားကို သြဂုတ်လ ၇ ရက်နေ့တွင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန (ရန်ကုန်) ၌ကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သံမှူး Ms. Pan Feng ၊ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာတို့ တက်ရောက်အမှာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်စသည့် ခရီးသွားလုပ်ငန်းလောကကိုယ်စားလှယ်များ၊ လေ့ကျင့်ရေးသင်တန်းစီမံကိန်းအဖွဲ့နှင့် သင်တန်းသားသင်တန်းသူများ စုစုပေါင်းလူ ၆၀ ကျော်တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဝန်ကြီး ဦးစောဂျက်ကော့ထူးက တရုတ်နိုင်ငံသည် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအပေါ် ဂရုစိုက်အားပေးမှုကို ကျေးဇူးတင်ရှိပါကြောင်း၊ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံတွင်စီမံကိန်းများစွာ ဖော်ဆောင်ခဲ့ကြောင်း၊ ယခုအကြိမ်လေ့ကျင့်မှုတွင် ဒေသခံသင်တန်းသား သင်တန်းသူပေါင်း လူ ၃၀၀ ကိုလွှမ်းခြုံနိုင်မည်ဖြစ်ပြီး ရည်ရွယ်ချက်မှာ အားနည်းသူအုပ်စု လုပ်ငန်းခွင်ဝင်မှုစွမ်းရည်မြှင့်တင်ရန်ကူညီပေးပြီး ခရီးသွားနှင့်ဝန်ဆောင်မှုလုပ်ငန်း လူရည်ချွန်များမွေးထုတ်ပေးကာ မြန်မာနိုင်ငံ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအား အထောက်အကူပြုရန်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုရလဒ်ကို အချိန်မီလက်တွေ့ကျကျဖော်ဆောင်ကာ မိမိနိုင်ငံပြည်သူများ လက်တွေ့ကျကျအကျိုးစီးပွားခံစားရေစေပြီး မြန်မာ-တရုတ်ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုနက်ရှိုင်းလာစေခြင်းဖြင့် မြန်မာ-တရုတ်ချစ်ကြည်ရေးအား လက်ဆင့်ကမ်းနိုင်ရန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သံမှူး Mr. Pan Feng က လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုသည် ပြည်သူများလူနေမှုဘဝကောင်းမွန်လာစေရေး၊ ဖွံ့ဖြိုးတိုးတက်မှုကိုအာရုံစိုက်သည့် အရေးပါပလက်ဖောင်းဖြစ်လာပြီဖြစ်ကြောင်း၊ အစားအသောက်လုပ်ငန်းသည် နိုင်ငံတစ်နိုင်ငံ၏အရေးကြီးဆုံး လုပ်ငန်းခွင်ဝင်ရန် လက်ခံနိုင်သည့်နေရာနှင့် ပြည်သူလူနေမှုဘဝ တည်ငြိမ်စေသည့်လုပ်ငန်းဖြစ်သကဲ့သို့ ခရီးသွားဝန်ဆောင်မှုလုပ်ငန်း၏ အရေးပါဆုံးအစိတ်အပိုင်းလည်းဖြစ်ကြောင်း၊ ယခုအကြိမ်လေ့ကျင့်မှုသည် မြန်မာနိုင်ငံက နိုင်ငံတကာအဆင့်မီ မုန့်ဖုတ်သူလူရည်ချွန်များ ပိုမိုမွေးထုတ်ပေးပြီး အစားအသောက်လုပ်ငန်းအတွက် အားသစ်လောင်းပေးကာ ကပ်ရောဂါအလွန်ကာလ ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာရေးနှင့် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးအလားအလာများ ဖော်ထုတ်ပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ သင်တန်းသားသင်တန်းသူများက ယခုအကြိမ်လေ့ကျင့်မှုကို အခွင့်ကောင်းယူ၍ သေချာလေ့လာသင်ယူပြီး မိမိနိုင်ငံလူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုနှင့် တရုတ်-မြန်မာ ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုအား မြှင့်တင်သည့်အမာခံအင်အားများ ဖြစ်လာရန်မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာက လန်ချန်း-မဲခေါင်အဖွဲ့ဝင် ၆ နိုင်ငံသည် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်၍ အပြန်အလှန်ယုံကြည်ကာ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ကြကြောင်း၊ Tertiary Industry လုပ်ငန်းများ ဖော်ဆောင်ခြင်းသည် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုကွာဟချက်အား လျှော့ချပေးသည့် ထိရောက်သောနည်းလမ်းဖြစ်ကြောင်း၊ ယခုစီမံကိန်း၏ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံဝန်ဆောင်မှုလုပ်ငန်းအတွက် ကျွမ်းကျင်အစားအသောက်လုပ်ငန်း လူတော်လူချွန်များမွေးထုတ်ပေး၍ ဒေသတွင်းလူငယ်၊ အမျိုးသမီးများဝင်ငွေကိုတိုးမြှင့်ရန်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် လန်ချန်း-မဲခေါင်အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေဖြင့် နိုင်ငံအသီးသီးနှင့်အတူ ဒေသတွင်းငြိမ်းချမ်းရေး၊ စည်ပင်ဝပြောရေးနှင့် စီးပွားရေးအကျိုးစီးပွားအတွက် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ဆက်လက်ပါဝင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယခုစီမံကိန်းတွင် အခြေခံသင်တန်းနှင့် အဆင့်မြင့်သင်တန်းဟူ၍ ခွဲထားပြီး သင်တန်း ၁၅ ကြိမ်ဖွင့်ကာ မြန်မာနိုင်ငံ တိုင်းနှင့်ပြည်နယ်အသီးသီးမှ သင်တန်းသား သင်တန်းသူပေါင်း လူ ၃၀၀ ရွေးချယ်သွားမည်ဖြစ်သည်။ ယခုအကြိမ် သင်တန်းဖွင့်ပွဲအခမ်းအနားသည် စီမံကိန်း၏ ပထမဆုံးအကြိမ် အခြေခံသင်တန်းဖွင့်ပွဲဖြစ်ပြီး သင်တန်းကာလမှာ ၁ လဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ (Xinhua)