Connect with us

Media

တရုတ်-အာဆီယံကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းမှ သွားရောက်ပြသလျက်ရှိ

ရန်ကုန်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၊ ကွမ်ရှီး(ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့တွင် ကျင်းပနေသည့် (၂၀) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ (The 20th China-ASEAN Expo) တွင် မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များ အသင်းမှ သွားရောက်ပြသလျက်ရှိကြောင်း သိရသည်။ အဆိုပါ (၂၀) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၆ ရက်မှ စတင်၍ ၁၉ ရက်အထိ ကျင်းပပြုလုပ်နေခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းမှ ဒုတိယဥက္ကဋ္ဌ တစ်ဦးက “တရုတ်နိုင်ငံ နန်နင်းပွဲကတော့ နှစ်တိုင်း ပါဝင်ပြသနေကျပဲ။ အဲဒီအပြင်ကို ကျွန်တော်တို့က မဲခေါင်-တရုတ်ပြပွဲတွေမှာလည်းပြတယ်။ နောက် တရုတ်နိုင်ငံအစိုးရက ဖိတ်တဲ့အတွက် ရှန်ဟိုင်းမှာလုပ်တဲ့ပွဲတွေကိုလည်း ကုမ္ပဏီတွေက သွားပြတာတွေရှိတယ်။ ကုမ္ပဏီတွေအနေနဲ့ တရုတ်နိုင်ငံက ပွဲတွေမှာ သွားပြီး ပြသခြင်းအားဖြင့် မြန်မာနိုင်ငံက ထုတ်ကုန်တွေ ဘာတွေထုတ်တယ်ဆိုတာကို တရုတ်နိုင်ငံအနေနဲ့ တွေ့ရ၊ သိရတယ်။ အဲလိုပြတဲ့အတွက် ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ တရုတ်နိုင်ငံဘက်ကရော၊ အာဆီယံဆီကရော ဖောက်သည်အသစ်တွေ ရရှိပါတယ်။ တခြားနိုင်ငံတွေကနေ အသင်းဘက်ကို ကမ်းလှမ်းတာရှိရင် အသင်းဝင်ကုမ္ပဏီတွေကို ဒါတွေရောင်းဖို့ရှိရင် ဘယ်ကုမ္ပဏီတွေက ဝယ်ဖို့ရှိတယ် ရောင်းဖို့ရှိရင် ဆက်သွယ်ကြဖို့ အသင်း အနေနဲ့ လုပ်ပေးနိုင်တဲ့အတွက် အများကြီး အကျိုးကျေးဇူးရှိပါတယ်” ဟု ဆင်ဟွာသို့ စက်တင်ဘာ ၁၆ ရက်တွင် ပြောသည်။ (Xinhua)