Connect with us

Videos

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (၇၃)ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေးညီလာခံ ဗွီဒီယို ကွန်ဖရင့်တွင် အဖွင့်မိန့်ခွန်း ပြောကြား“စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်၍ ကပ်ရောဂါကို အနိုင်တိုက်ဖျက်ကာ လူသားတို့၏ ကံကြမ္မာတူအကျိုးတူ ကျန်းမာရေး အသိုက်အဝန်းတည်ဆောက်ကြမည်”

(၂၀၂၀ ခုနှစ် မေ ၁၈ ရက်၊ ပေကျင်း)

အစည်းအဝေး သဘာပတိကြီး၊ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်နှင့်တကွ အစည်အဝေးသို့ ပါဝင်တက်ရောက်ကြသောကိုယ်စားလှယ်များ ခင်ဗျာလူသားတို့ အနေဖြင့် COVID-19 ကပ်ရောဂါကြီး တိုက်ဖျက်နေကြသည့် အရေးကြီး အချိန်အခါတွင် ယခု ကျင်းပသည့် ကမ္ဘာ့ကျန်းမာရေး ညီလာခံကြီးသည် အလွန် အရေးပါပြီး အဓိပ္ပါယ်လေးနက်မှုရှိလှသည်ဟု မိမိယူဆကြောင်း ဦးစွာပထမ ပြောကြားလိုပါသည်။

လူသားတို့သည် ဒုတိယကမ္ဘာစစ်နောက်ပိုင်း အဆိုးဝါးဆုံးသော ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ ကျန်းမာရေး အရေးပေါ်အခြေအနေကို ဖြတ်သန်းနေရပါသည်။ ရုတ်ခြည်းဖြစ်ပွားသည့် COVID-19 ကပ်ရောဂါသည် ယခုအခါ နိုင်ငံနှင့်ဒေသပေါင်း ၂၁၀ ကျော်တွင် ပျံ့နှံ့ဖြစ်ပွားလျက်ရှိရာ လူသန်းပေါင်း ၇,၀၀၀ ကျော်ကို သက်ရောက်လျက်ရှိပြီး လူပေါင်း ၃ သိန်းကျော် အသက်ဆုံးရှုံးခဲ့ရပြီဖြစ်ပါသည်။

ယခု ဤနေရာတွင် မိမိ အနေဖြင့် ကပ်ဘေးကြောင့် အသက်ဆုံးရှုံးသွားသူများ အတွက် ဝမ်းနည်းကြောင်းနှင့် ၎င်းတို့၏မိသားစုဝင်များအား နှစ်သိမ့်အားပေးပါကြောင်း ပြောကြားလိုပါသည်။လူသားတို့၏ယဉ်ကျေးမှုသမိုင်းသည် ကပ်ရောဂါ၊ဘေးအန္တရာယ်နှင့် စီးချင်းထိုးတိုက်ခိုက်ရသည့် သမိုင်းတစ်ခုလည်းဖြစ်ပါသည်။ ဗိုင်းရပ်စ်ရောဂါပိုးသည် နိုင်ငံနယ်နိ မိတ်မခြားသလို ကပ်ရောဂါဘေးသည်လည်း လူမျိုးရေးရာမခွဲခြားပါ။

ကျရောက်နေသည့် COVID-19 ကပ်ရောဂါဘေးဆိုးကြီး ရင်ဆိုင်ရာတွင် နိုင်ငံတကာ အသိုက်အဝန်းက တွန့်ဆုတ်ခြင်းမရှိ၊ နိုင်ငံအသီးသီးရှိ ပြည်သူများက မိုးဒဏ်လေဒဏ်များအကြား တစ်လှေတည်းစီးတစ်ခရီးတည်းသွားကာ အပြန်အလှန် စောင့်ရှောက်ကူညီ ရိုင်းပင်း ဖေးမလျက် ရဲဝံ့စွာ ရှေ့သို့ လှမ်းချီခဲ့ကြခြင်းဟာ လူ့လောက၏ မေတ္တာတရားနှင့် ကပ်ရောဂါကို တိုက်ဖျက်ရာတွင် စုပေါင်းခြင်း၏အင်အားကို ပြသနေခြင်းပင်ဖြစ်ပါသည်။

ခက်ခဲကြမ်းတမ်းမှုများတွင်အဆုံးစွန်ကြိုးပမ်းအားထုတ်ဆောင်  ရွက်ခဲ့ရာ ကြီးမားသည့်ဆုံးရှုံးနစ်နာမှုများကိုစတေးပြီးနောက် တရုတ်နိုင်ငံသည် ကပ်ရောဂါအခြေအနေကို ထိရောက်စွာ ပြောင်းလဲခဲ့ပြီး ပြည်သူလူထု အသက်အိုးအိမ်လုံခြုံရေးနှင့်ကျန်းမာရေးကို ကာကွယ်ခဲ့ပါသည်။ တရုတ်နိုင်ငံအနေဖြင့် ပွင့်လင်းမြင်သာတာဝန်ယူမှုရှိစွာဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့်တကွ သက်ဆိုင်ရာနိုင်ငံများသို့ ရောဂါအခြေအနေ သတင်းအချက်အလက်များကို အချိန်မီ အကြောင်းကြားခဲ့ပြီး ပထမဆုံးအချိန်တွင် ဗိုင်းရပ်စ်၏မျိုးရိုးဗီဇအစီအစဉ်စသည့်အချက်အလက်များကို ထုတ်ပြန်ခဲ့ပါသည်။ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်ကယ်ဆယ်ကုသရေးအတွေ့အကြုံများကို ဘက်ပေါင်းစုံနှင့်လည်း ထိမ်ချန်ခြင်းမရှိ အတူမျှဝေပေးခဲ့သလို လိုအပ်သည့်နိုင်ငံများကို တတ်နိုင်သ၍ အစွမ်းကုန် အားပေးကူညီထောက်ပံ့မှုများ ပြုလုပ်ခဲ့သည်။

အစည်းအဝေးသဘာပတိကြီးခင်ဗျာ-

ယခုအခါ ရောဂါကူးစက်ပြန့်ပွားမှုများ ရှိဆဲဖြစ်ရာ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဆက်လက် ကြိုးစားလုပ်ဆောင်ရန် လိုအပ်လျက်ရှိပြီး မိမိအနေဖြင့် အောက်ပါအချက်များကို အကြုံပြုလိုပါသည်။

(၁) ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ထိပ်တန်းဦးစားပေးအဖြစ် အစွမ်းကုန် ကောင်းမွန်အောင် လုပ်ဆောင်ရမည် ဖြစ်ပါသည်။ မိမိတို့အနေဖြင့် ပြည်သူ့အခြေပြု အသက်ဘေးအန္တရာယ်ကို ဦးထိပ်ထားကာ ဆေးဘက်ဆိုင်ရာ အင်အားနှင့် အရေးကြီးကုန်ပစ္စည်းများကို သိပ္ပံနည်းကျ ဖြန့်ကျက် စီမံရမည်ဖြစ်ပါသည်။ ရောဂါ ကာကွယ်ခြင်း၊ သီးခြားခွဲထားခြင်း၊ စမ်းသပ်စစ်ဆေးခြင်း၊ ကယ်ဆယ်ကုသခြင်း၊ ခြေရာခံခြင်းစသည့် အရေးကြီးကဏ္ဍများကို အားသွန်ဆောင်ရွက်ကာ ကမ္ဘာလုံးဆိုင်ရာ ရောဂါပြန့်ပွားမှုအခြေအနေကို အမြန်ဆုံး ရပ်တန့်အောင် တားဆီးရမည်ဖြစ်သလို နယ်စပ်ဖြတ်ကျော်ရောဂါပြန့်ပွားမှုကို အတတ်နိုင်ဆုံး တားဆီးပိတ်ဆို့ရမည်ဖြစ်ပါသည်။

သတင်းအချက်အလက်မျှဝေမှုကို တိုးမြှင့်ဆောင်ရွက်ရမည်ဖြစ်ပြီး အကျိုးရလဒ်ကောင်း သည့် အတွေ့အကြုံနှင့်လုပ်ထုံးလုပ်နည်းများကို ဆွေးနွေးဖလှယ်ကာ ရောဂါစမ်းသပ် စစ်ဆေးခြင်း၊ လက်တွေ့ကုသခြင်း၊ ကာကွယ်ဆေးသုတေသနပြုခြင်းဆိုင်ရာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများကို လုပ်ဆောင်သွားကြရမည်ဖြစ်သည်။ ထို့အပြင် နိုင်ငံအသီးသီးရှိသိပ္ပံပညာရှင်များအား ဗိုင်းရပ်စ်၏ဇစ်မြစ်နှင့်ကူးစက်ပြန့်ပွါးပုံကို ကမ္ဘာလုံးဆိုင်ရာ သိပ္ပံ သုတေသနပြုလုပ်ရန် ဆက်လက်အားပေးကြရမည် ဖြစ်ပါသည်။

(၂) ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ဦးဆောင်လမ်းညွှန်မှုဖြင့် ဆောင်ရွက်ရမည်ဖြစ်ပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ်၏ ဦးဆောင်မှုဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် နိုင်ငံတကာ ကပ်ရောဂါတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုကို ရှေ့ဆောင်တွန်းအားပေးဆောင်ရွက်ခဲ့ရာ ကြီးမားသည့်အကျိုးဆောင်မှုများ ရှိခဲ့ပါသည်။ ထို့အပေါ် နိုင်ငံတကာအသိုက်အဝန်းကလည်း အသိအမှတ်ပြုချီးကျူးခဲ့ကြသည်။ လက်ရှိ နိုင်ငံတကာကပ်ရောဂါတိုက်ဖျက်ရေးသည် အရေးကြီးကာလအပိုင်းအခြားတွင်ရှိရာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကို အားပေးထောက်ခံခြင်းသည် နိုင်ငံတကာကပ်ရောဂါ တိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှုကို အားပေးထောက်ခံခြင်း ၊ အသက်အိုးအိမ်များကို ကယ်ဆယ်ရန် အားပေးထောက်ခံခြင်း ဖြစ်သည်။ ကပ်ရောဂါစစ်ဆင်ရေးကြီးကို တစ်ကမ္ဘာလုံးရှိ အရင်းအမြစ်များဖြင့် အနိုင်ရတိုက်ဖျက်ရန် တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာအသိုက်အဝန်းသို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အား နိုင်ငံရေးအရထောက်ခံရန်နှင့် ရန်ပုံငွေထည့်သွင်းရန် တိုက်တွန်းနှိုးဆော်ပါသည်။

(၃) အာဖရိကနိုင်ငံများအတွက် ထောက်ပံ့အားပေးမှုများကို တိုးမြှင့်ရမည်ဖြစ်ပါသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ အထူးသဖြင့် အာဖရိကနိုင်ငံများ၏ အမျိုးသားပြည်သူ့ကျန်းမာရေးစနစ် ဟာ အားနည်းတာကြောင့်  ၎င်းတို့အတွက် ခိုင်မာသည့် ရောဂါကာကွယ်ရေးလမ်းကြောင်းကို တည်ဆောက်ရန်မှာ နိုင်ငံတကာ ကပ်ရောဂါတိုက်ဖျက်ရေး၏ အရေးကြီးကဏ္ဍဖြစ်သည်။ မိမိတို့အနေဖြင့် အာဖရိကနိုင်ငံများသို့ ထောက်ပံ့ရေးပစ္စည်းများကူညီပံ့ပိုးခြင်း၊ နည်းပညာ၊ လူအင်အား ပံ့ပိုးပေးခြင်းများ ဆောင်ရွက်သင့်ပါသည်။ တရုတ်နိုင်ငံအနေဖြင့် အာဖရိကနိုင်ငံပေါင်း ၅၀ ကျော်နှင့် အာဖရိက သမဂ္ဂသို့ ဆေးဘက်ဆိုင်ရာ အထောက်အကူပစ္စည်းပေါင်း များစွာကို ပံ့ပိုးကူညီခဲ့ပြီး ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် အဖွဲ့ ၅ ဖွဲ့ သီးသန့် စေလွှတ်ခဲ့ပါသည်။ ပြီးခဲ့သော နှစ်ပေါင်း ၇၀ ကာလအတွင်း အာဖရိကအခြေစိုက် တရုတ်နိုင်ငံ ဆေးကုသရေးအဖွဲ့သည် အာဖရိကတိုက်ရှိ လူပေါင်း သန်းနှစ်ရာကျော်ကို ဆေးကုသရေးဝန်ဆောင်မှုများ ဆောင်ရွက်ပေးခဲ့ပါသည်။ လက်ရှိ အာဖရိကအခြေစိုက် တရုတ်နိုင်ငံဆေးကုသရေးအဖွဲ့ ၄၆ ဖွဲ့သည် ယင်းဒေသတွင်ရှိသော ကပ်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျက်ရှိ ပါသည်။

(၄) ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေး စီမံခန့်ခွဲမှုများကို အားဖြည့်ဆောင်ရွက်ရမည် ဖြစ်ပါသည်။ ကပ်ရောဂါအား လူသားများက နောက်ဆုံးတွင် အနိုင်ရမည်ဖြစ်သော်လည်း ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေကြီးဖြစ်ပွားခြင်းမှာ နောက်ဆုံးအကြိမ် မဖြစ်နိုင်ပါ။ ယခုဖြစ်ပွားသည့် ကပ်ရောဂါဘေးကြီးတွင် ပေါ်လွင်လာသည့် မပြည့်စုံမှုနှင့်လိုအပ်ချက်များကို ဦးတည်၍ ပြည်သူ့ ကျန်းမာရေးကဏ္ဍ လုံခြုံရေး စီမံခန့်ခွဲမှုစနစ်ကို ကောင်းမွန်အောင်ဖြည့်ဆည်းကာ ကျန်းမာရေးအရေးပေါ်အခြေအနေ တုံ့ပြန်မှုကို တိုးမြှင့်ရမည်ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာနှင့်ဒေသတွင်း ရောဂါကာကွယ်ရေးအထောက်အပံ့ပစ္စည်းများ သိုလှောင်စင်တာများ တည်ဆောက်ရမည်ဖြစ်ပါသည်။ 

တစ်ကမ္ဘာလုံးကပ်ရောဂါ ထိန်းချုပ်မှုရရှိပြီးပါက ကပ်ရောဂါအပေါ်ကမ္ဘာလုံးဆိုင်ရာ တုံ့ပြန်မှုများကို ဘက်စုံ ဆန်းစစ်ကာ အတွေ့အကြုံများကို စုစည်း၍ လိုအပ်ချက်များကို ဖြည်ဆည်းရန် တရုတ်နိုင်ငံအနေဖြင့် ထောက်ခံပါသည်။ ထိုလုပ်ငန်းဆောင်တာများမှာ သိပ္ပံရေးရာ ကျွမ်းကျင်မှုလိုအပ်သလို ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ဦးဆောင်မှုလည်းလိုအပ်ကာ မျှတမှန်ကန် သမာသမတ်ကျရမည်ဖြစ်ပါသည်။

(၅) လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအား ပြန်လည်နိုးထလာစေရန် ဆောင်ရွက်ရမည် ဖြစ်ပါသည်။ အခြေအနေပေးသည့်နိုင်ငံများအနေဖြင့် ပုံမှန် ရောဂါကာကွယ်ထိန်းချုပ်မှုများကို အခြေခံ၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ကျွမ်းကျင်သည့်အကြံပေးချက်များအရ အလုပ်သမားဝန်ထမ်းများလုပ်ငန်းခွင်ပြန်လည်ဝင်ရောက်ခြင်း၊   လုပ်ငန်းများပြန်လည်လည်ပတ်ခြင်း၊ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ခြင်းတို့ကို စနစ်တကျဆောင်ရွက်ရမည် ဖြစ်ပါသည်။ နိုင်ငံတကာ မက်ခရိုစီးပွားရေးမူဝါဒ ညှိနှိုင်းမှုကို တိုးမြှင့်၍ ကမ္ဘာလုံးဆိုင်ရာ ထုတ်လုပ်မှုလုပ်ငန်း ပံ့ပိုးမှုကွင်းဆက်များကို တည်ငြိမ်ချောမွေ့အောင် ဆောင်ရွက်ကာ ကမ္ဘာ့စီးပွားရေး ပြန်လည်နိုးထလာစေရန် အစွမ်းကုန် ဆောင်ရွက်ရမည်ဖြစ်ပါသည်။

(၆) နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရမည်ဖြစ်ပါသည်။ လူသားမျိုးနွယ်သည် ကံကြမ္မာတူအကျိုးတူအသိုက်အဝန်းဖြစ်ရာ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကပ်ရောဂါကို အနိုင်တိုက်ဖျက်နိုင်မည့် အင်အားအကြီးဆုံးလက်နက်ဖြစ်ပါသည်။ ၎င်းမှာ နိုင်ငံတကာအသိုက်အဝန်းက AIDS၊ အီဘိုလာ၊ ကြက်ငှက်တုပ်ကွေး၊H1N1 အစရှိသည့် ကပ်ရောဂါကြီးများကို တိုက်ဖျက်ရာတွင် ရရှိခဲ့သည့် အရေးကြီး အတွေ့အကြုံဖြစ်ပြီး နိုင်ငံအသီးသီးရှိ ပြည်သူများသည် လက်တွဲပူးပေါင်းကာ ကပ်ရောဂါကို တိုက်ဖျက်ရမည့် မှန်ကန်သောလမ်းကြောင်းပင်ဖြစ်ပါသည်။

သဘာပတိကြီး ခင်ဗျာ-

တရုတ်နိုင်ငံသည် လူသားတို့၏ကံကြမ္မာတူအကျိုးတူအသိုက်အဝန်းတည်ဆောက်ရန် ခံယူချက်ကို အစဉ်အမြဲလက်ကိုင်ထားကာ မိမိနိုင်ငံပြည်သူများ၏အသက်အိုးအိမ်နှင့်ကျန်းမာရေးကို တာဝန်ယူဆောင်ရွက်သလို ကမ္ဘာ့ပြည်သူ့ကျန်းမာရေးဆိုင်ရာကဏ္ဍများတွင်လည်း တတ်နိုင်သ၍အစွမ်းကုန် သယ်ပိုးဆောင်ရွက်ခဲ့ပါသည်။ 

ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါတိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှုကို တွန်အားပေး ဆောင်ရွက်ရန် မိမိအနေဖြင့် ပြောကြားလိုသည်မှာ-

■ တရုတ်နိုင်ငံသည် နှစ်နှစ်တာကာလအတွင်း အမေရိကန်ဒေါ်လာ သန်း နှစ်ထောင်ကို နိုင်ငံတကာ ကူညီထောက်ပံ့ရေးတွင် အသုံးပြုသွားမည်ဖြစ်ပါသည်။ ကပ်ရောဂါကြောင့်သက်ရောက်မှုရှိသည့်နိုင်ငံများ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကပ်ရောဂါတိုက်ဖျက်ရေးနှင့် လူမှုစီးပွားပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးရန် အသုံးပြုသွားမည်ဖြစ်ပါသည်။

■ တရုတ်နိုင်ငံသည် ကမ္ဘာ့ကုလသမဂ္ဂနှင့်ပူးပေါင်းဆောင်ရွက်ကာ ကမ္ဘာတစ်ဝန်းလုံး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်သိုလှောင်ရုံကို တရုတ်နိုင်ငံ၌ တည်ဆောက်ကာ ကပ်ရောဂါတိုက်ဖျက်ရေးအထောက်အပံ့ပစ္စည်း ပံ့ပိုးမှုကွင်းဆက်ကို အာမခံမှုရှိစေရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သလို သယ်ယူပို့ဆောင်ရေးနှင့်အကောက်ခွန်ရှင်းတမ်းအစိမ်းရောင်လမ်းကြောင်း ထားရှိမည်ဖြစ်ပါသည်။

■ တရုတ်နိုင်ငံသည် အာဖရိကရှိ သက်ဆိုင်ရာဆေးရုံများနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စနစ် ၃၀ ကို တည်ဆောက်သွားကာ အာဖရိကရောဂါကာကွယ်ထိန်းချုပ်ရေးဗဟို ဌာနချုပ်ကို အရှိန်မြှင့်တင် တည်ဆောက်၍ အာဖရိကတိုက်၏ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး စွမ်းရည်ကို ကူညီမြှင့်တင် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

■ တရုတ်နိုင်ငံအနေဖြင့် နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး သုတေသနပြု ထုတ်လုပ်မှုအောင်မြင်ပါက ကမ္ဘာ့ပြည်သူအများအသုံးပြုနိုင်မည့် ဆေးဝါးအဖြစ် ဖွံ့ဖြိုးဆဲနိုင်ငံများ လက်လှမ်းမီစွာ လက်ခံအသုံးပြုနိုင်စေရန် ဖော်ဆောင်သွားမည်ဖြစ်ပါသည်။

■ တရုတ်နိုင်ငံအနေဖြင့် G20 အဖွဲ့ဝင်နိုင်ငံများနှင့်အတူ ဆင်းရဲနွမ်းပါးမှုအရှိဆုံးနိုင်ငံများ၏ အကြွေးပေးဆပ်မှုကို ယာယီဆိုင်းငံ့ရန် အဆိုပြုချက်အား အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ထို့အပြင် နိုင်ငံတကာ အသိုက်အဝန်းနှင့်အတူ ကပ်ရောဂါအခြေအနေ အထူးဆိုးဝါးသည့် ဝန်ဖိအားအလွန်များသည့် နိုင်ငံများအတွက် ပံ့ပိုးမှုအား တိုးမြှင့်ကာ လက်ရှိ အခက်အခဲများကို ဖြတ်ကျော်ရန် ကူညီဖေးမဆောင်ရွက်လိုပါသည်။

မိမိတို့အတူလက်တွဲကာ နိုင်ငံအသီးသီးရှိပြည်သူများ၏ အသက်အိုးအိမ်နှင့် ကျန်းမာရေးကို အတူကာကွယ်စောင့်ရှောက်သွားကြရန်၊ လူသားတို့၏ ကမ္ဘာ့မိသားစုဥယျာဉ်ကြီးအား အတူကာကွယ်ထိန်းသိမ်းကြရန်၊ လူသားတို့၏ ကံကြမ္မာတူအကျိုးတူ ကျန်းမာရေးအသိုက်အဝန်းအား အတူတည်ဆောက်ကြရန် မိမိအနေဖြင့် နှိုးဆော်တိုက်တွန်းအပ်ပါသည်။အားလုံးကို ကျေးဇူးတင်ပါသည်။

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.