Connect with us

Videos

ပါကစ္စတန်နိုင်ငံတွင် ငလျင်ကြောင့် ပြိုကျခဲ့သည့်နေအိမ်များအောက်တွင်ပိတ်မိနေသူအမြောက်အမြားရှိနေဆဲဖြစ်

အစ္စလာမ်မာဘတ် ၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံအနောက်တောင်ပိုင်း ဘယ်လူချီစတန် ပြည်နယ်တွင် ပြင်းအား ၅.၉ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ရာ အောက်တိုဘာ ၈ ရက်အထိ ရရှိထားသော စာရင်းများအရ အနည်းဆုံး ၂၀ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၃၀၀ ကျော်ရှိလာခဲ့ပြီဖြစ်ကြောင်း ပြည်နယ်ပြည်ထဲရေးဝန်ကြီး Mir Ziaullah Langove က ဆိုသည်။

ငလျင်ဘေးသင့်ပြည်နယ်များအားလုံးတွင်ကယ်ဆယ်ရေးအထောက်အပံ့များနှင့်ကျန်းမာရေးဝန်ဆောင်မှုများကိုပံ့ပိုးရန် အရေးပေါ်အခြေအနေကြေညာခဲ့ကြောင်း ဝန်ကြီးက မီဒီယာသို့ပြောကြားခဲ့သည်။

ပြည်နယ်၏ မြို့တော် Quetta အပါအဝင် ငလျင်ဘေးဒဏ်သင့်မြို့များမှ ဒဏ်ရာပြင်းထန်သူများအား သယ်ဆောင်ရန် ရဟတ်ယာဉ်များ စေလွှတ်ထားကြောင်းဝန်ကြီးက ထပ်လောင်းပြောကြားသည်။

ဒေသစံတော်ချိန်နံနက် ၃နာရီ ၀၁ မိနစ်တွင် မြေအောက် အနက် ၁၅ ကီလိုမီတာတွင် ပြင်းအား ၅.၉ အဆင့်ဖြင့် လှုပ်ခတ်ခဲ့သော ငလျင်သည် ဟာနိုင်းခရိုင်အနီး၌ ဗဟိုချက်ပြုခဲ့ကြောင်း ပါကစ္စတန်နိုင်ငံ၏ အမျိုးသားငလျင်စောင့်ကြည့်ရေးစင်တာက ထုတ်ပြန်ခဲ့သည်။

ငလျင်လှုပ်ခတ်မှုကို Quetta ၊ Mastung ၊ Muslim Bagh ၊ Qila Saifullah ၊ Sibi နှင့် Pishin ဒေသများအပါအဝင် အခြားဒေသများတွင်လည်း သိရှိ ခံစားခဲ့ရသည်။

ဘယ်လူချီစတန် ပြည်နယ် ဘေးအန္တရာယ်စီခံခန့်ခွဲရေးအာဏာပိုင်အဖွဲ့ ညွှန်ကြားရေးမှူးချုပ် Naseer Nasar က ငလျင်ကြောင့် လူနေအိမ်များပြိုကျခဲ့သည့် ဟာနိုင်းခရိုင်အတွင်း လူထိခိုက်မှုများရှိခဲ့ကြောင်းဆိုသည်။

Nasar က ကယ်ဆယ်ရေးအဖွဲ့များသည် ငလျင်ဘေးသင့်ဒေသများသို့ အလျှင်အမြန်သွားရောက်ခဲ့ပြီးကယ်ဆယ်ရေးစတင်လုပ်ဆောင်ခဲ့ကြောင်း တောတောင်ထူထပ်သောခရိုင်များဖြစ်ပြီး လျှပ်စစ်ပြတ်တောက်မှုများကြောင့်ကယ်ဆယ်ရေးလုပ်ငန်းများတွင် အခက်အခဲများရှိကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

ဒေသခံသတင်းမီဒီယာများ ၏ အဆိုအရ ငလျင်ဘေးသင့် ဒေသများတွင် မြေပြိုမှုများဖြစ်ပွားခဲ့သဖြင့် လမ်းများ ပိတ်ဆို့မှုဖြစ်ပွားခဲ့ရာ ကယ်ဆယ်ရေးလုပ်ငန်းကိုနှောင့်နှေးစေကြောင်းဆိုသည်။

ငလျင်ဘေးသင့်ဒေသများသို့ ကယ်ဆယ်ရေးစက်ယန္တရားကြီးများ ပို့ဆောင်ထားပြီးဖြစ်သော်လည်း ထိုဒေသများ သို့ ရောက်ရှိရန်အချိန် အနည်းငယ်ယူရအုံးမည် ဖြစ်ကြောင်း Nasar က ဆိုသည်။
မြေပြင်အခြေအနေ ကနဦးသတင်းပို့ချက်များအရ ဟာနိုင်းခရိုင်ရှိ အနည်းဆုံး ကျေးရွာ ၃ ရွာတွင် အိမ်ခြေ ၇၀ ခန့် ပြိုကျပျက်စီးသွားပြီး ထိခိုက်မှုအများဆုံးဖြစ်ကြောင်း သိရသည်။

ဟာနိုင်းမြို့ ဒုတိယကော်မရှင်အဖွဲ့ဝင် Sohail Anwar Hashmi က ငလျင်ကြောင့် သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများကို နီးစပ်ရာဆေးရုံများသို့ပို့ဆောင်ခဲ့ပြီးဖြစ်ကြောင်းနှင့် ထိခိုက်သေဆုံးသူအများစုမှာ အမျိုးသမီးများနှင့် ကလေးများ အဓိက ပါဝင်ကြောင်းဆိုသည်။

တာဝန်ရှိသူများက မီဒီယာသို့ပြောကြားရာတွင် အနည်းဆုံး လူ ၁၅ ဦးမှာ စိုးရိမ်ဖွယ်ဒဏ်ရာပြင်းထန်သဖြင့် သေဆုံးသူအရေအတွက်မှာ ဆက်လက်မြင့်တက်လာနိုင်ဖွယ်ရှိကြောင်း နှင့် ပြိုကျသွားသည့်အိမ်များအောက်တွင် လူများစွာပိတ်မိနေဆဲဖြစ်ကြောင်းဆိုသည်။ (Xinhua)
Produced by Xinhua Global Service

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.