Connect with us

Videos

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၏ ပြည်ပ ခရီးသည် ဆိုက်ရောက်/ထွက်ခွာ အသုံးပြုနိုင်ရန် အဆောက်အဦးသစ် ယနေ့စတင် ဖွင့်လှစ်

ရန်ကုန် ၊ မတ် ၁၂ ရက် (ဆင်ဟွာ)

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၏ ခရီးသည် လေဆိပ် အဆောက်အဦသစ် ဖွင့်ပွဲ အခမ်းအနားအား ယနေ့မတ်လ ၁၂ ရက်တွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်၌ ပြုလုပ်ခဲ့သည်။
ခရီးသည် လေဆိပ် အဆောက်အဦသစ် ကမ္ဗည်း ကျောက်စာတိုင်ကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန် တက်ရောက်၍ စက်ခလုပ်နှိပ် ဖွင့်လှစ်ခြင်း နှင့် အမွေးနံ့သာရည်များဖြင့် ပက်ဖြန်းပေးခြင်းများ ပြုလုပ် ပေးခဲ့သည်။

ဖွင့်ပွဲ အခမ်းအနားတွင် ပို့ဆောင်ရေး ဝန်ကြီးဌာနနှင့် ရထား ပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဉာဏ်ထွန်းအောင်က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၏ ဖွံ့ဖြိုး တိုးတက်လာမှု အပိုင်း အနေဖြင့် တစ်နှစ်လျှင် ခရီးသည် ၂.၇ သန်း လက်ခံ ဆောင်ရွက်ပေးနိုင်မှု အနေအထားသည် ၂၀၁၃ ခုနှစ်မှ စတင်ပြီး အခက်အခဲများဖြင့် စတင် ကြုံတွေ့ခဲ့ရကြောင်း ၊ လေဆိပ် အဆောက်အဦး၏ ဧရိယာ ကျဉ်းမြောင်း ကျပ်တည်းမှု ၊ လေယာဉ် ရပ်နားနေရာ လုံလောက်မှု မရှိခြင်းတို့ကို ဖြေရှင်း ဆောင်ရွက်ပေးနိုင်ရန် နှင့် လေဆိပ်ကို Business Centre တစ်ခုအဖြစ် ဖွံ့ဖြိုး တိုးတက်လာရန် စီမံ ဆောင်ရွက်ခဲ့ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးမြင့်ဆွေက တက်ရောက်၍ ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်တွင် နိုင်ငံတကာ အဆင့်မီ လေဆိပ် အဆောက်အဦ သစ်ကြီးကို ယနေ့ထပ်မံ တိုးချဲ့ဖွင့်လှစ် နိုင်ခြင်းသည် မြန်မာ့ လေကြောင်း ပို့ဆောင်ရေး ကဏ္ဍအတွက် ထူးခြားလေးနက်သည့် တိုးတက်ဖြစ်ထွန်းမှု တစ်ခု ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ထို့အတူ Yangon Aerodrome ကုမ္ပဏီ ဥက္ကဋ္ဌ ဦးထွန်းမြင့်နိုင်က လေဆိပ် ခရီးသည် အဆောက်အဦးသစ် တိုးချဲ့တည်ဆောက်ရာတွင် တွေ့ကြုံခဲ့ရသည်များ ၊ လေဆိပ်အဆောက်အဦးအတွင်း နိုင်ငံတကာ အဆင့်မီ နည်းစနစ်များ ထည့်သွင်း တည်ဆောက်ထားရှိမှုများကို ရှင်းလင်း တင်ပြခဲ့သည်။

လေဆိပ် ခရီးသည် အဆောက်အဦးသစ်ဖွင့်ပွဲ အခမ်းအနားသို့နိုင်ငံတော် သမ္မတ ၊ ပြည်ထောင်စု အစိုးရ အဖွဲ့ဝန်ကြီးများနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန် လည်းပါဝင် တက်ရောက်ခဲ့သည်။
လေဆိပ် အဆောက်အဦ သစ်အား အကောင်အထည် ဖော် တည်ဆောက်ရန် တင်ဒါ အောင်မြင်ခဲ့သည့် Yangon Aerodrome ကုမ္ပဏီသည် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၆ ရက်တွင် ခွင့်ပြုချက် သဘောတူညီမှု (Concession Agreement) ကို လက်မှတ်ရေးထိုးပြီး တာဝန်ယူ လွှဲပြောင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယခု ဖွင့်လှစ်သည့် လေဆိပ် အဆောက်အဦးသစ်အား ယခုလအတွင်း ပြည်ပ ခရီးသည် ဆိုက်ရောက်/ထွက်ခွာ အသုံးပြုနိုင်ရန် စီစဉ်ထားပြီး တစ်နှစ်လျှင် ခရီးသည် ၆ သန်းခန့်ကို ဝန်ဆောင်မှုပေးနိုင်မည်ဖြစ်ပြီး ပထမအထပ်တွင် Passport Control Area ၊ Security Check ၊ Departure Gate ၊ Lounge နှင့် Duty Free Shop ဧရိယာများ ၊ ဒုတိယထပ်တွင် Retail Area၊ တတိယထပ်တွင် Recreational Area များ ပါဝင်တည်ဆောက်ထားကြောင်းသိရသည်။
(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.