Connect with us

Videos

“၂၀၂၀ အထွေထွေရွေးကောက်ပွဲ” မဲပေးမှု ယနေ့ စတင် (ရုပ်သံ)

ရန်ကုန် ၊ နိုဝင်ဘာ ၈ ရက်(ဆင်ဟွာ)ရုပ်သံတည်းဖြတ်/စုဝင့်၊ ရိုက်ကူး /ဝေယံ

ယနေ့ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ်သော ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲသည် မဲရုံစတင်ဖွင့်လှစ်သည့် နံနက် ၆ နာရီမှစတင်ကာ တစ်နိုင်ငံလုံးရှိ မဲရုံအသီးသီးတွင် COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေး နည်းလမ်းများနှင့်အညီ ဆန္ဒမဲ ပေးခြင်းများ စတင်ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။

ယခုရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် ၊ အမျိုးသားလွှတ်တော် ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ဟူသော လွှတ်တော်သုံးရပ် နှင့် တိုင်းရင်းသား ရေးရာဝန်ကြီးနေရာအတွက် တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်းများ အပါအဝင် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်း အသီးသီးအား ရွေးကောက်တင်မြှောက်နိုင်ရန် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆန္ဒမဲပေးခွင့် ရှိသူ မဲဆန္ဒရှင် ၃၇ ဒသမ ၃ သန်းကျော်ရှိကြောင်း သိရသည်။

ထို့ပြင် မဲဆန္ဒရှင်များ အဆင်ပြေချောမွေ့စွာမဲပေးနိုင်ရန်အတွက် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲအတွက် မဲရုံပေါင်း ၄၂,၀၀၀ ကျော် ဖွင့်လှစ်ပေးထားကြောင်း သိရသည်။

ယခုကျင်းပသော အထွေထွေရွေးကောက်ပွဲကို COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး နည်းလမ်းများနှင့်အညီ အောင်မြင်စွာ ကျင်းပနိုင်ရေး စီမံဆောင်ရွက်လျက်ရှိပြီး ရောဂါကူးစက်ဖြစ်ပွားနေမှု အခြေအနေအရ Stay at Home အဖြစ် သတ်မှတ်ထားသည့် မြို့နယ်များ အပါအဝင် အခြားမြို့နယ်များမှ မဲဆန္ဒရှင်အားလုံး ရောဂါအန္တရာယ် ကင်းဝေးစွာဖြင့် ဆန္ဒမဲပေးနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အစောပိုင်းတွင် အသိပေးပြောကြားခဲ့သည်။

၂၀၂၀ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ၏ ရလဒ် များကို နိုဝင်ဘာ ၉ ရက်မှစ၍ မွန်းတည့် ၁၂ နာရီ ၊ ညနေ ၄ နာရီ နှင့် ည ၈:၀၀ နာရီ တို့တွင် တစ်ရက်လျှင် သုံးကြိမ် အသီးသီး ထုတ်ပြန်သွားမည် ဖြစ်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် အစောဆုံး ထုတ်ပြန်နိုင်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.